Home > ဆောင်းပါး > အာဏာသိမ်းစစ်တပ်သုံးတဲ့ ဆေးမှီးတို ကုသနည်းနဲ့ ပြည်သူလူထုရဲ့ ဘ၀

အာဏာသိမ်းစစ်တပ်သုံးတဲ့ ဆေးမှီးတို ကုသနည်းနဲ့ ပြည်သူလူထုရဲ့ ဘ၀

အရိုးပြိုင်းပြိုင်းကျနေတဲ့ လမ်းမကြီးဘေးတလျှောက်က တမာပင်တန်းတွေနဲ့ အပြိုင် ဆိုင်ကယ်တွေ၊ သုံးဘီးဆိုင်ကယ်တွေ အစီအရီ စီတန်းလျှက် ရှိနေပါတယ်။

ရှေ့၊နောက် တန်းစီပြီး ရပ်နေကြတဲ့ ဆိုင်ကယ်အတန်းကြီးတွေမှာ လူငယ်အမျိုးသားအနည်းငယ်ကလွဲပြီး အများစုကသက်ကြီးပိုင်း အမျိုးသားတွေနဲ့ အမျိုးသမီးတွေက ကိုယ့်ဆိုင်ကယ်
ကိုဒေါက်ကလေးတွေထောက်ထားပြီး ဆိုင်ကယ်ရဲ့ ဘေးမှာရပ်နေကြတာပါ။

သုံးဘီးဆိုင်ကယ်ပိုင်ရှင်တွေထဲမှာလည်း အသက် ၄၀ ကျော် အမျိုးသားတွေ အများဆုံးပါ၀င်ပါတယ်။

ဒီမြင်ကွင်းက မုံရွာမြို့မှာ စက်သုံးဆီ ၀ယ်ယူရရှိနိုင်ဖို့ စက်သုံးဆီရောင်းချပေးတဲဆီဆိုင်ရှိရာ လမ်းမကြီးတွေပေါ်က မြင်ကွင်းတွေ ဖြစ်ပါတယ်။

“ယောက်ျားလေးလူငယ်ဆိုရင် ဆီမတန်းခိုင်း ရဲကြဘူး၊ပေါ်တာဆွဲခံရမှာ ကြောက်လို့” လို့ မုံရွာမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မုံရွာမြို့မှာ မတ်လ ၄ ရက်နေ့ မနက်ပိုင်းကစပြီး စက်သုံးဆီ၀ယ်ယူရရှိနိုင်ဖို့အတွက် အခုလိုစီတန်း၀ယ်ယူနေကြရတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ကလည်း မတရား စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ဖမ်းဆီးတာတွေကို နေ့စဉ်ပြုလုပ်နေတာကြောင့် လူငယ်တွေ အပြင်ထွက်သွားလာတာကို သတိထား နေကြရတာပါ။

အခုလို စက်သုံးဆီခက်ခဲနေချိန်မှာ ဆီရရှိ ဖို့တန်းစီနေတဲ့ လူငယ်တွေကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးတာတွေလည်း ပြုလုပ်တတ်တဲ့အတွက် မိသားစု၀င် အမျိုးသမီးတွေက သာ
တန်းစီပြီး ၀ယ်ယူကြတယ်လို့ မြို့ခံတွေကပြောပါတယ်။

“အရင်တခါ ဆီတွေတန်းရတုန်းက ဖြစ်ဖူးတယ်၊ ဆီတန်းနေတုန်း စစ်သားတွေရောက်လာပြီး ကလေးတွေ ၂ယောက် ၃ ယောက်လောက်ကားပေါ် အတင်းတက်ခိုင်ပြီး ခေါ်သွားတာ၊အဲ့ဒီလို ဖြစ်မှာတွေ ကြောက်ကြတာ”လို့ မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

မုံရွာမြို့မှာ စက်သုံးဆီ အဓီကအားဖြင့် ဆိုင်ကယ်ဆီ၀ယ်ယူရရှိနိုင်ဖို့အတွက်မနက်အစောပိုင်း၂ နာရီ၀န်းက စတင် တန်းစီကြရပါတယ်။

စက်သုံးဆီအရောင်းဆိုင် အများစုက မနက် ၇ နာရီမှ စတင်ဖွင့်လှစ်ရောင်းချပေးတာပါ။

“မနက်က ၃ နာရီလောက် ဆီဆိုင်ရောက်တာ၊ဒါတောင် ကိုယ့်ရှေ့မှာ (ဆိုင်ကယ်) အစီး ၅၀ကျော်လောက်ရှိတယ်၊မလွယ်ပါဘူးဗျာ၊ဆီရဖို့က၊ခြင်တွေကလည်း ကိုက်၊အပြင်၀ယ်ရတာမကိုက်လို့သာ သွားတန်းရတာ”လို့ မုံရွာမြို့ခံ
သုံးဘီးဆိုက်တွဲယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

မိုးမလင်းခင် မနက်စောစောပိုင်းကစပြီး စက်သုံးဆီဆိုင် မဖွင့်ခင် တန်းစီတိုး ရပေမယ့် သုံးဘီးယာဉ် ဆိုက်တွဲ တစ်စီးကို ဓာတ်ဆီ ကျပ်တစ်သောင်းဖိုးသာရောင်းချပေးတာဖြစ်ပါတယ်။

ဆိုင်ကယ်တွေ အတွက်ကတော့ ရောင်းချပေးတဲ့ ဆီဆိုင်ပေါ်မူတည်ပြီး ၄၀၀၀ ဖိုးကနေ ၁၀၀၀၀ ဖိုးအထိ ကွဲပြားမှု ရှ်ိပါတယ်။

ရောင်းချပေးတဲ့ စက်သုံးဆီဆိုင်ကြီးတွေမှာ ဓာတ်ဆီ တစ်လီတာကို ကျပ် ၄၀၀၀ ၀န်းကျင်သာပေါက်ဈေးရှိပေမယ့် လက်လီပြန်ရောင်းတဲ့ ရပ်ကွက်တွင်း ဆီဆိုင်လေးတွေမှာတော့တစ်လီတာကို ကျပ် တစ်သောင်း၀န်းကျင်အ
ထိ ရောင်းချနေကြတာပါ။

“အပြင်ဆိုင်တွေကတစ်လီတာကို တစ်သောင်းတဲ့ ရောင်းကြတာ၊သူတို့က လူ ၂ ယောက် ၊ ၃ ယောက်လောက်နဲ့ အချိန်ပေးပြီး ခဏခဏတိုး၀ယ်ပြီး ပြန်ရောင်းကြတာလေ၊တကယ် မတိုးနိုင်တဲ့ အလုပ်သမားတွေကြ အဲ့လိုရောင်း တဲ့
ဆိုင်လေးတွေကနေ ၀ယ်ကြရတာပါ့”လို့ မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

တန်းစီတိုးပြီး ၀ယ်ယူနေကြရတဲ့ စက်သုံးဆီ အခက်အခဲ၊ မတရား ပေါ်တာဆွဲဖမ်းဆီးခံနေရတဲ့ ဒုက္ခအပြင် အာဏာသိမ်းစစ်တပ်က ထုတ်ပြန်လိုက်တဲ့ အက္ခရာ စုံ၊မ ပြဿနာတွေကို
ပြည်သူလူထုအနေ နဲ့ စိတ်ရော၊လူပါ အလူးအလဲ ကြုံတွေ့ ခံစားရစေပါတယ်။

အာဏာသိမ်းစစ်တပ်ခေါင်းဆောင်တွေ စီမံဖန်တီးလိုက်တဲ့ အဆင်ခြင်မဲ့ ဆေးမှီးတို ဖြေရှင်းနည်းတွေက ပြည်သူလူထုအတွက် အကျိုးစီးပွားခံစားမှုထက် ဒုက္ခ၊ အခက်အခဲ နဲ့ ပြဿနာတွေပဲ အထပ်ထပ် အဖန်ဖန် ကြုံတွေ့နေရတာ
ကို အခြေခံပြည်သူလူထုရဲ့ နေ့စဉ်လှုပ်ရှားမှုတွေက ဖော်ပြနေပါတယ်။

ဓာတ်ပုံ-မုံရွာမြို့တွင် စက်သုံးဆီ တန်းစီ၀ယ်ယူနေကြရပုံ

error: Content is protected !!