ကမ္ဘာတဝှမ်းမှာ ဖြစ်ပွားနေတဲ့လက်နက် ကိုင် ပဋိပက္ခတွေကြောင့် လောင်စာဆီစျေးတွေရုတ်တရက်မြင့်တက်လာပြီး ယောဒေသဂန့်ဂေါမြို့နယ်အတွင်းမှာလည်း မတ်လ (၇) ရက်နေ့မှာ ဓာတ်ဆီတလီတာကို ၈,၀၀၀ကျပ်အထိ မြင့်တက်လာနေပါတယ်။
လက်ရှိမှာတော့ ဝယ်ယူသုံးစွဲသူတွေအနေနဲ့ အခက်တွေနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“လက်ရှိမှာတော့ဓာတ်ဆီစျေးက ၂ရက်အတွင်း တလီတာ ၈,၀၀၀ထိတက်လာနေတယ်။ တချို့ဆိုင်တွေက ဆီပြတ်နေပြီပြောတယ်။ ဆိုင်တိုင်းဝယ်မရတော့ဘူး” လို့ဒေသခံတစ်ဦးကပြောပါတယ်။
စက်သုံးဆီရောင်းချသူတစ်ဦးကလည်း စျေးနှုန်းမြင့်တက်နေတာနဲ့ ဆီပြတ်လပ်မှာကိုစိုးရိမ်နေတာကြောင့် ဝယ်သူတွေများပေမဲ့ အကန့်သတ်နဲ့ရောင်းပေးနေတယ်လို့ပြောပါတယ်။
ဆီဝယ်ယူရတာက အရင်လိုပုံမှန်မဟုတ်တာကြောင့် လက်ကျန်ဆီတွေကို လှောင်ထားတယ်လို့လဲသိရပါတယ်။
“လက်ရှိ ဆီဝယ်ရတာက အရင်လိုပုံမှန်မဟုတ်တော့ဘူး။ စျေးထပ်တက်မှာစိုးရိမ်လို့ လာဝယ်သူတွေများနေတယ်။ တစ်ချို့ဆိုင်တွေက လက်ကျန်ဆီတွေကိုမရောင်းတော့ပဲ ယာယီပိတ်ထားနေကြပြီ။ ကျွန်တော်ကတော့အကန့်အသတ်နဲ့ ရောင်းပေးနေပါတယ်” လို့ လောင်စာဆီရောင်ဝယ်သူတဦးဖြစ်တဲ့ ဦးယောကြီးကပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ လောင်စာဆီကို တရုတ်၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံတို့ကနေ ဝယ်ယူနေတာဖြစ်ပြီး အဲ့ဒီဆီတွေကိုတော့ အရှေ့အလယ်ပိုင်းကနေ ဝယ်ယူသန့်စင် ထားတာဖြစ်ပါတယ်။
စစ်ကော်မရှင်အနေနဲ့ လက်ရှိမှာ စက်သုံးဆီသုံးစွဲတာတွေကို ကန့်သတ်မှုတွေလုပ်နေပြီး မလိုက်နာပါက အရေးယူတာတွေလုပ်မယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်ရဲ့ပြောကြားချက်အရ မြန်မာနိုင်ငံမှာ လက်ရှိ ဓာတ်ဆီ ဂါလံ သန်း ၆၀ နဲ့ ဒီဇယ် ဂါလံသန်း ၇၀ ဝန်းကျင်ရှိပြီး ရက်၄၀ ခန့် အသုံးခံနိုင်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ စက်သုံးဆီ ရုတ်တရက်မြင့်တက်လာပြီးလျှပ်စစ်မီးမရရှိတာကြောင့် ဒေသတွင်းအသေးစား၊ အလတ်စား စက်မှုလုပ်ငန်းတွေရပ်ဆိုင်နေကြရတာတွေ ရှိနေပါတယ်။
ပုံအညွှန်း- မြဝတီမြို့မှာ ဆီတန်းစီဝယ်ယူနေကြပုံ(ပုံဟောင်း)






