ဩစတြေးလျနိုင်ငံမှ မူးယစ်ဆေးဝါးသံသယရှိသူကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့မှာ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းဒေသတွင်းသတင်းတွေကို ဖော်ပြပေးနေတဲ့ Khaosod သတင်းဌာနအရ သိရပါတယ်။
ဩစတြေးလျနိုင်ငံမှ မူးယစ်ဆေးဝါးသံသယရှိ အမျိုးသားဟာ ဘန်ကောက်မြို့က ကွန်ဒိုမီနီယံတစ်ခုမှာ ပုန်းအောင်းနေစဉ် ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
အသက် ၄၄ နှစ်အရွယ် အဆိုပါအမျိုးသားဟာ ကွင်းစလန်းပြည်နယ်မှာ မူးယစ်ဆေးဝါးနှင့်ပတ်သက်တဲ့ စွဲချက် ၁၁ ခုနဲ့ အလိုရှိနေသူဖြစ်ပြီး ဩစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့ (AFP) မှ ပေးပို့တဲ့ သတင်းအချက်အလက်အရ လူဝင်မှုကြီးကြပ်ရေး တပ်ခွဲ ၃ မှ စုံစမ်းစစ်ဆေးရေးမှူးတွေက ဒင်ဒန်း (Din Daeng) ဧရိယာမှာ ရှာဖွေဖော်ထုတ်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါသံသယရှိသူဟာ ဩစတြေးလျနဲ့ နယူးဇီလန် နှစ်နိုင်ငံ နိုင်ငံသားအဖြစ် ခံယူထားသူဖြစ်ပြီး မူးယစ်ဆေးဝါးမှု ရာဇဝင် တွေ ရှိသူဖြစ်တယ်လို့ အာဏာပိုင်တွေကက ပြောပါတယ်။
လက်ရှိမှာ ၎င်းရဲ့ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ကို ရုပ်သိမ်းလိုက်ပြီဖြစ်ကာ ပြည်နှင်ဒဏ်ပေးဖို့အတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။
Ref; Khaosod English






