Home > ဆောင်းပါး > စစ်အာဏာရှင်အလိုကျ ဆက်ပျော်ကြမလား

စစ်အာဏာရှင်အလိုကျ ဆက်ပျော်ကြမလား

တက်နေထွန်း
(မျက်မှောက်ခေတ် အတွေးအမြင်)

အာဏာသိမ်းစစ်တပ်လက်အောက်က မြို့ရွာတွေမှာ လာမယ့် သင်္ကြန်ပွဲ တော်တော်စည်ကားဖွယ်ရှိပါတယ်။ အာဏာသိမ်းစစ်တပ်ကလည်း စည်ကားအောင် ကြိုးပမ်းမှာဖြစ်တယ်။

သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ပြည်သူတွေပျော်ရွှင် နေကြတယ်ဆိုတာကို သူတို့က ပြချင်နေတာ ဖြစ်တယ်။

စစ်တပ်ရဲ့အလိုကျအတိုင်း ပျော်ရွှင်နေကြတဲ့ လူတွေလည်း မနည်းပါဘူး။ မြို့တွေရဲ့ ဘုရားပွဲဆိုလည်း စတိတ်ရှိုးတို့၊ ဇာတ်တို့ ဆိုတာ လူကြိတ်ကြိတ်တိုးနေတာကို တွေ့ရတယ်။ ပျော်ရွှင်မှုငတ်မွတ်နေသူတွေ ပျော်ကြတာဟာ ဒုက္ခရောက်နေသူတွေကို လှောင်နေသလား အောက်မေ့ရပါတယ်။

တကယ်တော့ စစ်တပ်ထိန်းချုပ်နယ်မြေက လူတွေပဲ စစ်ဖြစ်နေတဲ့ ကိုယ့်နိုင်ငံကို ခဏမေ့ပြီး ပျော်ကြတာမျိုးမဟုတ်ပါဘူး။ တော်လှန်ရေးနယ်မြေမှာ နေတဲ့လူတွေလည်း ပျော်ကြတာပါပဲ။ စစ်တပ်က ဗုံးကြဲချမှာ ကြောက်လို့ ပွဲအကြီးကြီးတွေ လုပ်ခွင့်မသာတော့ အလှူအတန်းနဲ့ ပတ်သက်တဲ့ အခမ်းအနားတွေမှာ ပျော်ကြတယ်။ မင်္ဂလာဆောင်တွေမှာ ကကြတယ်။ ကိုယ့်ခေါင်းပေါ်က လေယာဥ်ဖြတ်ပြီး အခြားမြို့နယ်ကို ဗုံးကြဲတုန်း ကနေတာတောင် တွေ့ဖူး၊ ကြုံဖူးပါတယ်။

ကိုယ့်နိုင်ငံက အဖြစ်အပျက်ဆိုးတွေကို ခဏမေ့ပြီး ပျော်တတ်ကြတာက စစ်တပ်ကြီးစိုးနယ်မြေမှာ နေတဲ့သူရော၊ တော်လှန်နယ်မြေမှာ နေတဲ့သူရော နှစ်ဘက်လုံးရှိနေတာဖြစ်ပါတယ်။

စစ်တပ်ထိန်းချုပ်မှုအောက်မှာ အလွန်အကျွံပျော်ရွှင်ပြနေသူတွေရော၊ တော်လှန်နယ်မြေထဲက အခြေအနေအချိန်အခါမသိ ပျော်ကြသူတွေရော နှစ်မျိုးလုံးဟာ တော်လှန်စစ်ကြောင့် ဒုက္ခဖြစ်နေသူတွေကို နာကျင်ရစေနိုင်ပါတယ်။

တော်လှန်နယ်မြေတွေထဲက ကျေးရွာတွေကို စစ်တပ်က ဗုံးကြဲလို့ အရပ်သားတွေသေဆုံးနေချိန် မြို့ပေါ်မှာ ဝက်ဝက်ကွဲပျော်နေကြတာကို မြင်ရတာဟာ စိတ်မချမ်းမြေ့စရာပါ။

ထိုနည်းတူပဲ စစ်အာဏာရှင်တော်လှန်ရေးမှာ ကျဆုံးထားတာ လပိုင်းပဲရှိသေးတဲ့ ရဲဘော်အိမ်နားမှာ အလှူလုပ်ပြီး မူးရူးကနေကြတာဟာလည်း ကြေကွဲစရာ ကောင်းပါတယ်။

စစ်တပ်ထိန်းချုပ်ထားတဲ့ နယ်မြေမှာပဲ ပျော်ပျော်၊ တော်လှန်နယ်မြေမှပဲ ပျော်ပျော် အလွန်အကျူးပျော်ပါးကြတာကို စစ်အာဏာရှင်တွေက ကြိုက်ပါတယ်။ ဒီလို အလွန်အကျူး ပျော်နေမှ၊ စာနာမှုဆိုတာတွေမေ့ပြီး ပျော်နေမှ၊ စဥ်းစားတွေးခေါ်ရမှန်းကောင်းမှန်းမသိအောင် ပျော်နေမှ သူတို့စိတ်တိုင်းကျ အုပ်ချုပ်လို့ရမှာ ဖြစ်ပါတယ်။

လူဆိုတာ ပျော်ရွှင်မှု လိုအပ်တာ မှန်ပါတယ်။ ထိုက်သင့်တဲ့ ပျော်ရွှင်မှုက အလုပ်ဆက်လုပ်ဖို့ အားအင်ကို ဖြစ်စေပါတယ်။ ဒါပေမယ့် တပါးသူတွေ ထိခိုက်ခံစားရတဲ့ ပျော်ရွှင်မှုမျိုးတွေကိုတော့ အသိတရားနဲ့ပဲ ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသရဲ့ အခြေအနေ ၊ အချိန်အခါကို ကြည့်ပြီး ပျော်ရွှင်မှုကို ခံစားတတ်ကြဖို့လိုပါတယ်။

စစ်အာဏာရှင်သက်ဆိုးရှည်အောင် သူတို့အလိုကျ အထိန်းအကွပ်မဲ့ ဆက်ပျော်ကြမှာလား။ ထိုက်သင့်တဲ့ ပျော်ရွှင်မှုကို အသိဉာဏ်ရှိရှိခံစားရင်း အာဏာရှင်လက်အောက်က လွတ်အောင် လုပ်ကြမှာလား ပြည်သူတွေကပဲ ဆုံးဖြတ်ကြရမှာဖြစ်ပါတယ်။

error: Content is protected !!