စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ် ဟော်စောင်းရွာစျေးတန်းကို စစ်ကော်မရှင်တပ်က ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားအများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဖောင်းပြင်မြို့နယ် ဟော်စောင်းရွာကို ဂျက်ဖိုက်တာ ၊ ဂျိုင်ရိုကော်ပရာ စတာတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၆ ရက် ည ၁၀ နာရီခွဲကျော်အထိ အဆက်မပြတ် လေကြောင်းတိုက်ခိုက်နေတာလို့ သိရပါတယ်။
“ရွာစျေးတန်းကို ဗုံးလာကြဲတာ ၊ အချို့ကလည်း စစ်ရေးပြကွင်းမှာ စစ်ရေးပြနေတုန်း ဗုံးလာကြဲတာလိုလိုပြောနေကြတယ်။ သေဆုံးတဲ့ လူဦးရေကတော့ ၈၀ ကျော်လောက်ရှိနေပြီ၊ ဟုတ် မဟုတ်တော့ အတည်မပြုနိုင်သေးဘူး ” လို့ ဖောင်းပြင်မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။အဆိုပါထိခိုက်သေဆုံး အခြေအနေနဲ့ပတ်သက်ပြီး မျက်မှောက်ခေတ်အနေနဲ့လည်း အတည်မပြုနိုင်သေးပါ။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဟုမ္မလင်းမြို့နယ် ပင်နုတ်ဆွတ်မှော်ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၇ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ အခုရက်ပိုင်း စစ်ကိုင်းတိုင်းထဲက မြို့နယ်အချို့ကို လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် လုပ်ဆောင်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ မြင့်တက်လာနေတာပါ။
ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက မြို့နယ်အချို့ကို စစ်ကော်မရှင်တပ်က မြေပြင်ထိုးစစ်တွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။






