စစ်ကိုင်းတိုင်း မုံရွာမြို့ ရတနာပုံရပ်ကွက်မှာ နေထိုင်တဲ့ကလေးငယ်တစ်ဦးဟာ အရုပ်သေနတ်နဲ့ TikTok ဆော့ကစားခဲ့တာကြောင့် စစ်သားတွေက နေအိမ်အထိလာရောက်ပြီး စီးနင်းရှာဖွေတာတွေ ပြုလုပ်သွားတယ်လို့ မြို့ခံပြည်သူတွေထံက သိရပါတယ်။
အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးက TikTok မှာ အရုပ်သေနတ်နဲ့ ကစားထားတဲ့ ရုပ်သံကို တင်ခဲ့ပြီးတဲ့နောက် ဇန်နဝါရီလ ၁၂ ရက် မနက်ပိုင်းမှာ စစ်သားတွေက
အိမ်စီးကား ၂ စီးနဲ့ ရောက်လာပြီး နေအိမ်အတွင်းထိ စီးနင်းရှာဖွေသွားတာဖြစ်တယ်လို့ သိရပါတယ်။
“ကလေးက သူ့ဘာသာ အရုပ်သေနတ်နဲ့ဆော့ပြီး တစ်တော့(TikTok)ပေါ်တင်လိုက်တာ၊ အဲ့ဒါကို သူတို့(စစ်သား)တွေက အိမ်အထိလာပြီး စစ်လား၊ဆေးလားလုပ်သွားတာ၊ ကလေးမအေက အဲ့ဒီအရုပ်သေနတ်ထုတ်ပြလိုက်မှ ပြန်သွားကြတာ
၊ဖမ်းတော့မသွားဘူး၊ဒီကောင်တွေ ဘယ်အိမ်ကဘယ်လေးဆိုတာ တန်းပြီးသိတာ၊ချက်ချင်းကိုရောက်ချလာကြတာ”လို့ မုံရွာမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရုရှားနှင့် တရုတ်နိုင်ငံရဲ့ နည်းပညာအကူအညီနဲ့ ဖုန်းလိုင်း၊အင်တာနက်လိုင်း နဲ့ လူမှုကွန်ရက်တွေကို ထိန်းချုပ်ထားနိုင်တဲ့အတွက် သုံးစွဲသူတွေအနေနဲ့ လုံခြုံစိတ်ချရမှု မရှိဘူးလို့ နည်းပညာနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“အဓိကက ဖုန်းတွေ၊မက်ဆေ့တွေပေါ့၊အဲ့ဒါတွေက လုံး၀လုံခြုံမှုမရှိဘူး၊သူတို့ (စစ်တပ်) လက်ထဲမှာပဲရှိတယ်လို့ ပြောလို့ရတယ်၊ပြီးတော့ ဖေ့စ်ဘွတ်ခ်(Facebook) တို့ မက်ဆင်ဂျာ(Messenger)တို့၊တစ်တော့(TikTok)တို့ပေါ့၊အဲ့ဒါတွေလည်းထိန်းချုပ်မှုရှိတယ်၊နေရာအတိအကျနဲ့ကို လိုက်နိုင်တယ်၊တော်လှန်ရေးနဲ့ပတ်သက်တာဆိုရင် အဲ့ဒီဟာတွေကို မသုံးသင့်ဘူး”
လို့ နည်းပညာနဲ့နီးစပ်သူတစ်ဦးက မျက်မှောက်ခေတ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းကလည်း မုံရွာမြို့မြေပြင်အခြေအနေတွေကို လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေပေးလေ့ရှိတဲ့ မြို့ခံမြေပြင်သတင်းထောက်တစ်ဦးကို စစ်တပ်က ဖမ်းဆီးသွားတာရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- မုံရွာ-မန္တလေးလမ်းပိုင်း မြို့အ၀င်(ပုံဟောင်း)






