Home > သတင်း > ဒေသတွင်းသတင်း > မုံရွာက စစ်တပ်ရွေးကောက်ပွဲမှာ မဲစာရင်း အမှား အများအပြား ရှိနေဟုဆို

မုံရွာက စစ်တပ်ရွေးကောက်ပွဲမှာ မဲစာရင်း အမှား အများအပြား ရှိနေဟုဆို

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ စစ်တပ်က ဖိအား‌ပေးခြိမ်းခြောက်နေတဲ့အတွက် မဲစာရင်းသွားကြည့်ရာမှာ မဲစာရင်းအမှားတွေ အများအပြား တွေ့ရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က တာ၀န်ခံပြီးပြုလုပ်မယ့် ၂၀၂၅ ရွေးကောက်ပွဲ အတွက် စစ်သားတွေက ပြည်သူလူထုကို မဲစာရင်းနံပါတ်မေးပြီး မပြောနိုင်ရင် ဆဲ၊ဆို၊ရိုက်၊နှက်တာတွေ ပြုလုပ်နေတဲ့အတွက် မုံရွာမြို့ခံ ပြည်သူအများစုက မဲစာရင်းသွားကြည့်ကြတာလို့ သိရပါတယ်။

“ကိုယ်က အမြဲအပြင်ထွက်နေရတာ ဆိုတော့အစစ်ခံရရင် ပြောနိုင်အောင် သွားကြည့်တာ ၊ရွေးကောက်ပွဲ မဲပေးချင်လွန်းလို့ မဟုတ်ဘူး၊မဲစာရင်းမှာ အစ်မရယ်၊အဖေရယ်ပဲ ပါတယ်၊မိသားစု ၅ ယောက်ထဲက မဲစာရင်းမှာ နှစ်ယောက်ပဲ တွေ့တာ”လို့ မုံရွာမြို့‌က ပြည်သူတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ပြုလုပ်တဲ့ ၂၀၂၅ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူအများစုမဲစာရင်းမှာ ပါ၀င်မှုမရှိသလို သေဆုံးပြီးသူ တချို့က မဲစာရင်းမှာ ပါ၀င်နေတာရှိတယ်လို့လည်း သိရပါတယ်။

မုံရွာမြို့ပေါ်မှာ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက်ယူချိန်က အမှန်တကယ်ကောက်ယူသွားတဲ့ အိမ်တွေကစာရင်းတွေသာ မဲစာရင်း အမှန်ဖြစ်တာများပြီး ကျန်ခဲ့တဲ့ အိမ်ထောင်စုအများစုက မဲစာရင်းအမှားတွေသာ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“အစကတော့ မဲစာရင်းသွားမကြည့်ဖြစ်ဘူး၊တနေ့ကမှ မဲစာရင်း နံပါတ်မေးပြီး ရိုက်တယ်၊ဘာညာ ပြောသံကြားလို့ သွားကြည့်တာ၊မိသားစုလိုက် မဲစာရင်းမှာ မပါဘူး၊ရပ်ကွက်ထဲက သေပြီးသားလူတချို့က နာမည်ပါနေတာ၊ အမှားတွေ အများကြီးပဲ” လို့ မုံရွာမြို့က ပြည်သူနောက်တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က စတင်ပြုလုပ် နေတဲ့ အတုအယောင်ရွေးကောက်ပွဲနေ့၊ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ
မုံရွာမြို့တွင်းမှာ အသွားအလာမရှိ ခြောက်ကပ်နေပြီး မြို့ပတ်လည်မှာတော့ လက်နက်ကြီး ပစ်ခတ်သံတွေ ဆူညံနေတယ်လို့ မြို့ခံတွေကပြောပါတယ်။

ဓာတ်ပုံ- မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်(ပုံဟောင်း)

error: Content is protected !!