Home > ဆောင်းပါး > လိုက်လျောညီထွေတဲ့ ပြုပြင်ပြောင်းလဲမှုကို မလုပ်နိုင်ခဲ့ကြရင်…

လိုက်လျောညီထွေတဲ့ ပြုပြင်ပြောင်းလဲမှုကို မလုပ်နိုင်ခဲ့ကြရင်…

တက်နေထွန်း
(မျက်မှောက်ခေတ် အတွေးအမြင်)

အာဏာသိမ်းစစ်တပ်က ပြည်သူတွေကို ဗုံးကြဲတယ်။ သတ်ဖြတ်တယ်။ ပြည်သူတွေ အကြောက်တရားနဲ့နေကြရတယ်။ စားဝတ်နေရေးတွေ ကျပ်တည်းကြတယ်။ ဖက်ဆစ်စစ်တပ်ကတော့ သူတို့အာဏာတည်မြဲရေးအတွက်အကြမ်း ဖက်တဲ့ နည်းလမ်းမျိုးစုံကို သူတို့ မပြုတ်မချင်း သုံးမှာဖြစ်တယ်။

စစ်တပ်က အာဏာသိမ်းသိမ်းချင်း သူတို့အင်အားတွေကို ထုတ်ပြတယ်။ ပြည်သူတွေက ရဲရဲဝံ့ဝံ့ ဆန့်ကျင်သပိတ်မှောက်ခဲ့တယ်။ စစ်တပ်က သပိတ်မှောက် လူငယ်တွေကို သတ်ပြတယ်။ ဖမ်းဆီးထောင်ချတယ်။ လူငယ်တွေ လက်နက်ကိုင်လမ်းစဥ်ကို ပြည်သူ့ထောက်ခံမှုနဲ့ ရွေးချယ်ခဲ့ကြတယ်။ စစ်တပ်က ရွာတွေ၊ မြို့တွေကို မီးရှိူ့ဖျက်ဆီးတယ်။ တွေ့သမျှပြည်သူ ညှင်းပန်းနိုပ်စက်တယ်။ သတ်ဖြတ်တယ်။ ပြည်သူတွေကြံ့ကြံ့ခံခဲ့ကြတယ်။ တော်လှန်ရေးနယ်မြေတွေ ကျယ်ပြန့်လာပြီး စစ်တပ်ရဲ့ မြေပြင်ကနေ တိုက်ရိုက် ဒုက္ခပေးတဲ့ ရန် အထိုက်အလျောက် ရော့ပါးသွားခဲ့တယ်။

အဲဒီနောက် စစ်တပ်က တော်လှန်လူ့အဖွဲ့အစည်းကို ဖရိုဖရဲဖြစ်အောင် လေယာဥ်တွေနဲ့ ပြည်သူတွေကို သတ်ဖြတ်တယ်။ စစ်ကြောင်းထိုးပြီး စည်းရုံးရေးအသွင်ဆောင်တဲ့ လုပ်ဆောင်မှုမျိုး လုပ်လာတယ်။ ပြည်သူတွေဟာ စစ်တပ်နဲ့ မပတ်သက်ဘဲ ကြံ့ကြံခံနေကြဆဲဖြစ်တယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ယုတ်မာရက်စက်မှုတွေကို ငါးနှစ်တာခံနိုင်ခဲ့တဲ့ လူ့အဖွဲ့အစည်းဟာ ဘာသာရေး၊ လူမှုရေး ဓလေ့ထုံးစံတွေရဲ့ လွှမ်းမိုးမှုကိုတော့ မခံနိုင်တာ တွေ့ရတယ်။ တနည်းအားဖြင့် အခြေအနေနဲ့ လိုက်လျောညီထွေစွာ ဓလေ့ထုံးစံ ပွဲလမ်းသဘင်တွေကို လုပ်ဆောင်ရာမှာ အလျော့အတင်း သိပ်မလုပ်နိုင်ကြတာတွေ့ရတယ်။

စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲနေတာလည်းပဲ ခဏာတာ သာယာမယ့်အချိန်လေးရွေးပြီး ရှင်ပြု အလှူပွဲကို ဆိုင်းနဲ့ အကြီးအကျယ် လုပ်ကြတုန်းပဲ။ မင်္ဂလာဆောင်တွေကို ချဲ့နိုင်သမျှ ချဲ့ကြတဲ့သူတွေက များနေတယ်။ အသုဘမှာလည်း ချဲ့ကြတုန်းလို့ဆိုရမယ်။

ငတ်ပြတ်တဲ့ နေရာမှာ စစ်ရှောင်တွေက ငတ်ပြတ်။ ဝက်သားရာချီ အကုန်ခံပြီး အလှူကြီးပေးတဲ့နေရာမှာပေးနေကြတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသကို ဗုံးကြဲဖို့ ကိုယ့်ခေါင်းပေါ်ကနေ စစ်တပ်လေယာဥ်တွေဖြတ်သွားတဲ့အောက် မင်္ဂလာဆောင်မှာ ဘောက်အကျယ်ကြီးဖွင့်ပြီး ကနေကြတာလည်း ကြုံကြရတယ်။ ဒါမျိုးလူ့အဖွဲ့အစည်းတွေ များနေတဲ့ နိုင်ငံဟာ တော်လှန်ရေး မြန်မြန်အောင်နိုင်ပါ့မလား။ အောင်ပါ့မလား ဆိုတာတွေက စဥ်းစားစရာဖြစ်တယ်။

ဒုတိယ ကမ္ဘာစစ်အတွင်းမှာ လူတွေဟာ ဘာသာရေးပွဲ၊ လူမှုရေးပွဲတွေ ကျင်းပခဲ့ကြတာပဲ။ ဒါပေမယ့် သူတို့တွေ အများစုက ဘယ်လိုနည်းတွေနဲ့ ကျင်းပခဲ့သလဲ ပြန်စဥ်းစားသင့်တယ်။ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး သြဇာကြီးမားတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဒါကို ကိုယ်နဲ့နီးစပ်ရာမှာ အကြံပေးထိန်းကြောင်းမှု လုပ်သင့်နေပါပြီ။

အခြေအနေနဲ့ လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲမှု ကောင်းကောင်းမလုပ်နိုင်တဲ လူ့အဖွဲ့အစည်းဟာ ရေရှည် ရှင်သန်ရပ်တည်ဖို့ခက်.လာမှာဖြစ်တယ်။ ဓလေ့ထုံးစံတွေရဲ့ ကျေးကျွန်ဖြစ်နေတာ ကြာသွားရင် စစ်ကျွန်ဘဝကို ပြန်ရောက်ဖို့လမ်းဟာ နီးနီးလေးဆိုတာကို လေးလေးနက်နက် သဘောပေါက်ကြဖို့လိုပါတယ်။

Credit photo.

#တက်နေထွန်း
#မျက်မှောက်ခေတ်
#အတွေးအမြင်

error: Content is protected !!