တက်နေထွန်း
(မျက်မှောက်ခေတ် အတွေးအမြင်)
နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု Spring Revolution Alliance ဖွဲ့စည်းကြောင်း ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်တာကို တွေ့ရတယ်။ အာဏာသိမ်းစစ်တပ်ကို အမုန်းကြီးမုန်းနေကြတဲ့ပြည်သူတွေ၊ အာဏာသိမ်းစစ်တပ်ဆိုတာ တိုင်းပြည်မှာ မရှိစေချင်တော့တဲ့ ပြည်သူတွေဟာ နွေဦးတော်လှန်ရေးမဟာမိတ် တပ်ပေါင်းစု SRA ဖွဲ့တာကို ကြိုဆိုကြပါတယ်။
SRA မှာ 96 Soldiers PDF၊ ဗမာ့တပ်တော်(BA)၊ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၊ ချင်းညီနောင် (CB)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF)၊ Force for Federal Democracy (FFD)၊ Generation Z Army(GZA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကလေးဒေသတော်လှန်ရေးတပ်(KRF)၊ မကွေး ပြည်သူ့ကာကွယ်ရေးတပ်မတော်( MAGWAY PDF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA)၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင်/ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်(ခမ်းခေါမ်)-(PNDF-KK/PPDF-KD)၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(SAGAING PDF)၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ ယောတပ်တော်(YA)၊ယောကာကွယ်ရေးတပ်(YDF) တို့ ပါဝင်ပါတယ်။
SRA ဖွဲ့စည်းခြင်းရဲ့ လက်ငင်းအကျိုး
နွေဦးမဟာမိတ် တပ်ပေါင်းစု ဖွဲ့လိုက်တဲ့အတွက် စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ ပြန့်ကြဲနေတဲ့ အင်အားစုတွေ အရင်ကထက် အင်အားစုစည်းမှု ရှိလာမှာဖြစ်တယ်။ နဂိုရှိခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေမှာ NUG လက်အောက်က ပ.က.ဖ အပါအဝင် တပ်ရင်းတွေ၊ EAO တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ လူမျိုး/ ဒေသအခြေပြု တပ်ရင်းတပ်ဖွဲ့ LPDF၊ သီးခြားတော်လှန်ရေးတပ်ဖွဲ့တွေ ရှိခဲ့တယ်လို့ ယေဘုယျ နားလည်လို့ရပါတယ်။
ယခုဖွဲ့စည်းလိုက်တဲ့ နွေဦးမဟာမိတ်တပ်ပေါင်းစုဟာ လူမျိုး/ ဒေသအခြေပြု တပ်ရင်းတွေနဲ့ အခြားအဖွဲ့တွေကို အင်အားတစ်ရပ်အဖြစ် စုစည်းလိုက်တာဖြစ်တယ်။ ဒီလိုစုစည်းလိုက်တဲ့အတွက် အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ NUG ၊ တိုင်းရင်းသားလက်နက်ကိုင် EAO တွေနဲ့ နွေဦးတော်လှန်ရေးမဟာမိတ် တပ်ပေါင်းစု SRA ဆိုပြီး အဓိက အင်အားစုကြီး သုံးခု ထင်ထင်ရှားရှား ရှိလာတော့မှာဖြစ်တယ်။
SRA ရဲ့ အလားအလာ
နွေဦးတော်လှန်ရေးမဟာမိတ် တပ်ပေါင်းစုအဖွဲ့ဝင်တွေရဲ့ ထုတ်ပြန်ချက်မှာ တော်လှန်ရေးကတိကဝတ်တွေပါဝင်တယ်။ ဒီကတိကဝတ်တွေထဲမှာ အားတက်စရာအကောင်းဆုံးနဲ့ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ အသင့်ဆုံးကတော့ “ရှင်းလင်း၍ ထိရောက်အားကောင်းသော ကွပ်ကဲမှုယန္တရားတစ်ရပ် ပေါ်ပေါက်လာရန် လုပ်ဆောင်သွားမည်” ဆိုတဲ့ အချက်ဖြစ်တယ်။
မဟာမိတ်တပ်ဖွဲ့ဝင်တွေအားလုံးအပေါ် ထိရောက်အားကောင်းတဲ့ ကွပ်ကဲမှု ယန္တရားတစ်ရပ်ရှိလာတာနဲ့ SRA ရဲ့ ကျန် ရည်မှန်းချက်တွေဟာ တဖြည်းဖြည်း အကောင်အထည် ပေါ်လာမှာဖြစ်တယ်။ SRA ရဲ့ အလားအလာဟာ ထိရောက်အားကောင်းတဲ့ ကွပ်ကဲမှု ယန္တရားတစ်ရပ် တည်ဆောက်နိုင်၏၊ မတည်ဆောက်နိုင်၏ အပေါ်မှာ မူတည်နေတယ်လို့ ဆိုနိုင်ပါတယ်။
NUG ရဲ့ SRA အပေါ်သဘောထား
နွေဦးတော်လှန်ရေးမဟာမိတ် တပ်ပေါင်းစုပေါ်ပေါက်လာမှုကို NUG အနေနဲ့ ကြိုဆိုကြောင်း NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က People’s Spring မီဒီယာကို ပြောဆိုထားတာတွေ့ရတယ်။
“တော်လှန်ရေးအင်အားစုတွေအချင်းချင်း ကြားမှာ ကွဲကြ ပြဲကြတယ်ဆိုတဲ့ကိစ္စကမကောင်းဘူး။စုကြစည်းကြ ညီညွတ်ကြတယ်ဆိုတဲ့ကိစ္စက ကောင်းတဲ့ကိစ္စဖြစ်ပါတယ်။အဲဒီအတွက်ကြောင့်မို့လို့ ဒါက ကြိုဆိုရမယ့်ကိစ္စဖြစ်တယ်”လို့ ဦးနေဘုန်းလတ်က SRA ပေါ်ပေါက်လာတာနဲ့ပတ်သက်ပြီး ကြိုဆိုကြောင်း ပြောဆိုထားပါတယ်။
ဦးနေဘုန်းလတ်ပြောဆိုတဲ့ထဲမှာ တကယ်အရေးကြီးပြီး အမြန်ဆုံး လက်တွေ့အကောင်အထည်ဖော်ရမယ့် ကိစ္စတစ်ခုလည်းပါဝင်ပါတယ်။ အဲ့ဒါကတော့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန် ကြီးဌာနရဲ့ Change of Command အောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု တပ်ဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်တွေရဲ့ ကြားမှာ joint command တခု တည်ဆောက်နိုင်ဖို့ NUG အနေနဲ့ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတဲ့ ကိစ္စဖြစ်တယ်။
ဒါပေမယ့် ဒါဟာ NUG တစ်ခုတည်းမှာသာတာဝန်ရှိတာမဟုတ်ဘဲ NUG၊ EAOs၊ SRA နဲ့ ပြည်သူတစ်ရပ်လုံးမှာပါ တာဝန်ရှိတာဖြစ်ပါတယ်။
ပြည်သူတွေရဲ့မျှော်လင့်ချက်
ပြည်သူတွေဟာ တော်လှန်ရေးမှာ ပင်ပန်းနေကြတာမှန်ပေမယ့် တော်လှန်ရေးထက် ပြည်သူတွေကို ပိုပင်ပန်းစေတဲ့အရာက တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း၊ အင်အားစုအချင်းချင်း ကွဲပြဲမှာကို စိုးရိမ်တဲ့စိတ်ဖြစ်တယ်။ ဒီတော့ ပြည်သူတွေချက်ချင်းလက်ငင်းလိုအပ်နေတဲ့အရာက ” တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း စည်းလုံးညီညွတ်မှု” ဖြစ်ပါတယ်။
SRA ပေါ်ပေါက်လာတာဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ပိုမိုအားပြည့်စေခဲ့ပါတယ်။ ဒီထက်ပိုပြီး တော်လှန်ရေးအင်အားစုတွေ ညီညီညွတ်ညွတ်နဲ့ အာဏာသိမ်းစစ်တပ်ကို တော်လှန်ကြရင် ပြည်သူတွေကတော့ ခါးတောင်းကျိုက်ပြီး နောက်ကနေ လိုအပ်တာ လုပ်ပေးကြမှာပါ။
ကိုယ့်အဖွဲ့အစည်းတွေ၊ ကိုယ့်လူတွေကိုပဲ မျက်နှာမူတဲ့ အဖွဲ့အစည်းတွေ များမလား၊ ပြည်သူကို မျက်နှာမူတဲ့ အဖွဲ့အစည်းတွေများမလား၊ ညီညွတ်ခြင်းကို တည်ဆောက်နိုင်တဲ့ ဉာဏ်ပညာရှိတဲ့သူတွေ များသလား၊ နည်းသလားဆိုတာ မကြာမီအချိန်အတွင်း အဖြေပေါ်နိုင်ပါတယ်။ အဲ့ဒီအဖြေဟာ ပြည်သူတွေရဲ့ ” ကံတရား” ပဲ ဖြစ်ပါတယ်။
#တက်နေထွန်း
#မျက်မှောက်ခေတ်
#အတွေးအမြင်






