Home > ဆောင်းပါး > ဒီမိုကရေစီနဲ့ ထိုက်တန်သည့် ဆရာ၊ဆရာမ ဖြစ်၏၊ မဖြစ်၏။

ဒီမိုကရေစီနဲ့ ထိုက်တန်သည့် ဆရာ၊ဆရာမ ဖြစ်၏၊ မဖြစ်၏။

ဟန်နီကို
(မျက်မှောက်ခေတ် ပညာရေး)

မိမိကိုယ်ကိုယ်အားကိုးနိုင်သူသည် လွတ်လပ်မှုကို ပိုမိုရရှိပါသည်။ တနည်းအားဖြင့် မိမိကိုယ်ကိုယ် အားကိုယ်းနိုင်သူတွေများလျင် ဒီမိုကရေစီထွန်းကားနိုင်ပါသည်။

လွတ်မြောက်နယ်မြေက NUG လက်အောက်ခံ ကျောင်းတွေသည် မိမိကိုယ်ကိုယ် အားကိုးကြရသည့် ကိုယ်ထူကိုယ်ထကျောင်းတွေဖြစ်သည်။ ဆရာ၊ဆရာမတွေ၏ လခကို ကျောင်းသားမိဘတွေနဲ့ ရပ်ရွာက ပေးရသည်။

ကျောင်းအတွက်နေရာ ရပ်ရွာက ဖန်တီးပေးရသည်။ ပြည်သူ့အခြေပြုကျောင်းတွေသည် ကိုယ့်အားကိုယ်ကိုးသည့် ကျောင်းတွေမို့ လွတ်လပ်မှု အထိုက်လျောက်ရကြပါသည်။

စည်းကမ်းကို လိုက်နာခြင်း၊ တာဝန်ကျေ ပွန်ခြင်းသည် လူကို လွတ်လပ်စေသည်။ စည်းကမ်းလိုက်နာသူတွေ၊ တာဝန်ကျေပွန်သူတွေ များလာလျင် ဒီမိုကရေစီထွန်းကားမည်ဖြစ်သည်။

ပြည်သူ့အခြေပြုကျောင်းကို အဓိကလည်ပတ်ပေးနေသည့် ဆရာ၊ဆရာမတွေသည် ကျောင်းတက်ချိန် အချိန်မီကျောင်းကို ရောက်ကြလျှင်၊ စာသင်ချိန်တွေကို တတ်နိုင်သမျှ အချိန်အတိအကျ သင်ကြလျှင် အဆိုပါ ဆရာ၊ဆရာမတွေသည် ဒီမိုကရေစီကို စိုက်ပျိုးနေသည့် ဥယျာဥ်မှူးတွေဖြစ်ပါသည်။

ပြည်သူ့အခြေပြုကျောင်းတွေသည့် လွတ်လပ်သည့် ကိုယ်ထူကိုယ်ထ ကျောင်းတွေဖြစ်သည့်အပြင် အခြေအနေ အကြောင်းကြောင်းကြောင့် ဆရာ၊ဆရာမတွေ၏ အချိန်တိကျမှုရှိ မရှိနဲ့ပတ်သက်ပြီး ထိန်းကြောင်းနိုင်မှု အားနည်းပါသည်။

ဤသည်ကို အခွင့်ကောင်းယူပြီး ကျောင်းချိန်မီအောင်မလာသည့် ဆရာ၊ဆရာမတွေ ရှိသည်။ ကိစ္စတစ်ခုကြောင့် မတော်တဆကျောင်းနောက်ကျခြင်းကို မဆိုလိုပါ။ ပေါ့တန်စွာသဘောထားနှင့် လေးစားမှုလျော့ရဲကာ မကြာမကြာ နောက်ကျလေ့ရှိခြင်း ဖြစ်ပါသည်။

နောက်တစ်ချက်က အတန်းကြီးဝင်ရသည့်အခါ စာသင်ချိန်ကို အချိန်ကျော်အောင်သင်ကြားပြီး အတန်းငယ်တွေကို ဖြစ်သလိုသင်ကြားသည့် အလေ့ရှိခြင်းဖြစ်သည်။ ဤကဲ့သို့သောဆရာ၊ဆရာမတွေကိုတော့ ပညာရေးကို နားမလည်သေးဟုသာ ဆိုရမည်ဖြစ်ပါသည်။

အတန်းကြီးတွေ သင်ခန်းစာမပြတ်မည်စိုးလျင် သပ်သပ်အချိန်ပိုခေါ်သင်ရမည်ဖြစ်ပါသည်။ ကျောင်း၏အချိန်ဇယားကို ကမောက်ကမဖြစ်အောင် လုပ်လို့မရပါ။ ကလေးတွေကိုစာလျော့သင်ပြီး အတန်းကြီးတွေကို စာပိုသင်ခြင်းသည် နည်းလမ်းလည်းမကျ၊ မျှတမှုလည်းမရှိပါ။ ပညာရေးကိုနားလည်လျှင် အတန်းငယ်လေ ပိုဦးစားပေးရလေဆိုသည်ကို သိရမည်ဖြစ်သည်။

အချို့ဆရာ၊ဆရာမတွေကျတော့ ကျောင်းကို အလွယ်တကူပျက်ကွက်တတ်ကြသည်။ အထူးသဖြင့် လူမူရေးကိစ္စတွေနှင့် အများဆုံးပျက်ကွက်သည်ကိုတွေ့ရသည်။

ကိုယ့်ဆွေမျိုး ဆွမ်းကျွေးရှိလျှင်လည်း ကိုယ့်ကလေးတွေ ဒီတိုင်းပစ်ထားပြီး သွားရက်ကြပါပေသည်။ ကိုယ့်ပျက်ကွက်မှုကြောင့် ကလေးပေါင်းများစွာ နစ်နာသည်။ ကိုယ့် လူမှုရေးတစ်မျက်နှာကိုထောက်ပြီး ကိုယ့်ကလေးပေါင်းများစွာကို ကိစ္စရှိတိုင်းလိုလို ပစ်ထားခဲ့ခြင်းသည် ဆရာ၊ဆရာမကောင်းတို့၏ အမူအကျင့်မဟုတ်ပါ။

ကိုယ်ကျောင်းတက်ရမည့် အချိန်တွေကို လူမူရေးကိစ္စတွေနှင့် မကြာမကြာပျက်ခြင်းသည် ကလေးတွေကို မလေးစားခြင်းဖြစ်သလို တာဝန်ကို မကျေပွန်ခြင်းဖြစ်ပါသည်။စည်းကမ်းလိုက်နာခြင်း၊ ကျောင်းအချိန်မှန်တက်ခြင်းအပြင် ကလေးတွေအပေါ် ပညာသင်ကြားရာမှာလည်း တာဝန်ကျေပွန်ဖို့ သိပ်အရေးကြီးပါသည်။

ဆရာ၊ဆရာမတစ်ယောက်သည် ကိုယ်သင်သည့် ဘာသာရပ်တွေကို တာဝန်ကျေပွန်စွာသင်ကြားပေးနိုင်ဖို့ အားထုတ်လေ့လာရမည်ဖြစ်ပါသည်။

ဥပမာ သိပ္ပံဘာသာရပ်ကို သင်ကြားရာတွင် ကိုယ့်ရပ်ရွာမှာရှိသည့် ပစ္စည်းတွေဖြင့် တတ်နိုင်သမျှ လက်တွေ့လုပ်ဆောင်နိုင်ပါလျက်၊ ဒါမှမဟုတ် အကြောင်းအရာတစ်ခုကို ပုံတွေနဲ့ အချက်အလက်ထုတ်ကာ ရှင်းပြနိုင်ပါလျက် မိမိစာသင်ချိန်မှာပင် စာမသင်တော့ပဲ ကလေးတွေကို စာထိုင်ကျက်ခိုင်းပြီး မိမိက အတန်းရှေ့မှာ အသာထိုင်နေသည့် ဆရာ၊ဆရာမ မျိုးတွေ ရှိနေတတ်ပါသည်။ ဤကဲ့သို့သော ဆရာ၊ဆရာမတွေသည် လေ့လာမှု ဆက်လုပ်ဖို့ အလိုအပ်ဆုံး ဖြစ်ပါသည်။

စာရေးသူတို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီ ထွန်းကားနိုင်၊ မထွန်းကားနိုင် ကို ပြည်သူ့အခြေပြု ကျောင်းတွေကို ကြည့်ပြီး ခန့်မှန်းလို့ရပါသည်။ ပြည်သူ့အခြေပြုကျောင်းက ဆရာ၊ဆရာမတွေ ပညာပြည့်ဝဖို့ ကြိုးစားကြလျှင်၊ စည်းကမ်းနဲ့ တာဝန်ကျေပွန်မှုရှိကြလျှင် ဒီမိုကရေစီထွန်းကားနိုင်မည်ဖြစ်သည်။ မိမိသင်ကြားရသည့် သတ်မှတ်ချိန်၊တာဝန်ချိန် အတွင်းမှာ အစွမ်းကုန်အားထုတ်ဖို့ကိုသာ ဆိုလိုရင်းဖြစ်ပါသည်။

မိမိကို ကွပ်ကွဲမည့်သူရှိရှိမရှိရှိ၊ တာဝန်ပျက်ကွက်လျှင် အရေးယူမည့်သူ ရှိရှိ၊မရှိရှိ တတ်နိုင်သလောက် မိမိကိုယ်တိုင်တိုးတက်အောင် ကြိုးစားအားထုတ်ပြီး တပည့်တွေကို စည်းကမ်းရှိစွာ၊ တာဝန်ကျေပွန်စွာ သင်ကြားသည့် ဆရာ၊ဆရာမတွေသည် ဒီမိုကရေစီနဲ့ ထိုက်တန်သည့် ဆရာ၊ဆရာမတွေဖြစ်သည်။ ဒီမိုကရေစီကို ပျိုးထောင်သော ဆရာ၊ဆရာမတွေဖြစ်သည်။ သခင်စိတ်ရှိသည့် ဆရာ၊ဆရာမတွေဖြစ်သည်။

မိမိကို ကွပ်ကဲမည့်သူရှိမှ၊ မိမိတာဝန်ပျက်ကွက်မှုအတွက် အရေးယူမှုရှိမှ လိုက်နာတတ်သည့် ၊ ကွပ်ကဲအရေးယူမူမရှိလျင် အလွယ်တကူ စည်းကမ်းနဲ့ တာဝန်ပျက်ကွက်တတ်သည့် ဆရာ၊ဆရာမတွေများနေလျင် ဒီမိုကရေစီမထွန်းကားနိုင်ပါ။ ဆရာ၊ဆရာမ အားလုံး ဒီမိုကရေစီနဲ့ထိုက်တန်သည့် ဆရာ၊ဆရာမတွေဖြစ်ကြလျင် တိုင်းပြည်သည်လည်း ဒီမိုကရေစီထွန်းကားဖို့ အလားအလာကောင်းလာမည်ဖြစ်ပါသည်။

#ဟန်နီကို
#မျက်မှောက်ခေတ်
#ပညာရေး

error: Content is protected !!