(မျက်မှောက်ခေတ် အတွေးအမြင်)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ဟာ စိုက်ပျိုးရေး၊ စီးပွားကုန်သွယ်ရေးကောင်းတဲ့ ဒေသတစ်ခုဖြစ်သလို ပညာရေးကို လိုက်စားရကောင်းမှန်းသိတဲ့၊ တကယ်လည်းလိုက်စားပြီး တတ်မြောက်ခဲ့ကြတဲ့ ပညာထွန်းကားရာနယ်မြေဖြစ်တယ်။
ကလေးမြို့နယ်တွင်းကို အောက်တိုဘာလကစ စစ်တပ်က အင်အားထောင်ချီပြီး စစ်ကြောင်းအလုံးအရင်းထိုးခဲ့တယ်။ ကလေးမြို့နယ်မြောက်ပိုင်းက ပြည်သူတွေရော၊ ကလေးမြို့နယ် တောင်ပိုင်းကပြည်သူတွေရော သောင်းချီတဲ့ပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်။
အောက်တိုဘာ ၂၇ ရက်နေ့ကစ ကလေးတောင်ပိုင်းကို ထိုးခဲ့တဲ့စစ်ကြောင်းဟာ ကျွန်းချောင်း၊ ထောက်ကြံ့၊ နတ်မြောင်း၊ နတ်ချောင်းကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်။ စစ်ကြောင်းဟာ သုံးရက်အတွင်း ဘာကြောင့်ဒီလောက်အမြန်ပေါက်တာလဲလို့ မေးကြသူတွေရှိမယ်။
ဒေသခံတွေမှာလည်း အကြောင်းအမျိုးမျိုးရှိကြမယ်။ သေချာတာကတော့ စစ်တပ်စစ်ကြောင်းဟာ အလွယ်တကူပေါက်ခဲ့တာမဟုတ်ဘူး။ ကားနဲ့ အလောင်းတွေ၊ ဒဏ်ရာရသူတွေ ကလေးဘက်ကိုပြန်သယ်သွားတဲ့အကြောင်း ဒေသခံတွေဆီက သိရတယ်။
ကလေးဒေသက ပြည်သူတွေအားလုံးနည်းပါးစစ်ရှောင်ကြရရချင်း တာဝန်ရှိသူတွေက စစ်ရှောင်ကူညီရေးတွေဖွဲ့ကြတယ်။ စစ်ကြောင်းကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ရရာဆေးဝါးနဲ့ ကုသကြတယ်။ ပညာတတ်တဲ့ လူ့အဖွဲ့အစည်းဆိုတာ လူသားဆန်မှုရှိပြီး သားဖြစ်တယ်။
ကလေးဒေသဆိုတာ သွားလာရင်း ဓာတ်ဆီပြတ်သွားရင်တောင် ဓာတ်ဆီထည့် ကူညီမယ့်သူတွေ ရှိတဲ့ဒေသ၊ စစ်ဘေးရှောင်များစွာကို ထောက်မထားတဲ့ဒေသ၊ လူသားချင်စာနာမှုတွေ ထွန်းကားတဲ့ ဒေသဖြစ်တယ်။
စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးပြီး သတ်ဖြတ်မှုတွေလုပ်နေတဲ့ အချိန်မှာတောင် ပြန်ရုန်းထဖို့ အဆင်သင့်ဖြစ်နေတဲ့ ပြည်သူ့ခေါင်းဆောင်တွေရဲ့ စကားသံတွေ၊ မညည်းငြူကြတဲ့ ဆေးအဖွဲ့ရဲ့ စာနာမှုတွေ၊ စစ်ကျွန်အဖြစ် ဘယ်တော့မှ လက်မခံမယ့် ပညာတတ်လူငယ်တွေရဲ့ အသံတွေကို ကြားရ၊ မြင်နေရတယ်။
နတ်ချောင်းဟာ ပြာပုံဖြစ်ခဲ့ပြီပြီးမှ တစ်ဖန်နိုးထခဲ့တဲ့ တော်လှန်ရေး ဖီးနစ်ဖြစ်တယ်။ အခုအကြမ်းဖက်စစ်ကြောင်းက ဖီးနစ်ငှက်တွေကို ပိုစည်းလုံးစေလိမ့်မယ်လို့ ယုံကြည်တယ်။ ပညာတတ်တဲ့ လူ့အဖွဲ့အစည်းဟာ ဘယ်တော့မှ စစ်ကျွန်မခံပါဘူး။
အယ်ဒီတာအဖွဲ့ဝင်တစ်ဦး
#မျက်မှောက်ခေတ်
#အတွေးအမြင်






