Home > ဆောင်းပါး > စည်းရုံးရေးအသွင်ဆောင်ပြီး နယ်မြေပြန်လည်စိုးမိုးဖို့ကြိုးစားနေတဲ့ စစ်တပ်ကို လျှော့မတွက်မိဖို့ လိုတယ်

စည်းရုံးရေးအသွင်ဆောင်ပြီး နယ်မြေပြန်လည်စိုးမိုးဖို့ကြိုးစားနေတဲ့ စစ်တပ်ကို လျှော့မတွက်မိဖို့ လိုတယ်

တက်နေထွန်း
(မျက်မှောက်ခေတ် အတွေးအမြင်)

မင်းအောင်လှိုင်စစ်တပ်ဟာ အချို့နေရာတွေမှာ ဗျူဟာတွေကို ပြောင်းလဲအသုံးပြုလာကြတယ်။ စစ်အာဏာသိမ်းခါစမှာ သူတို့တွေဟာ ရွာတွေကို စစ်ကြောင်းထိုး၊ နေအိမ်တွေကို ဖျက်ဆီး၊ လူတွေကိုသတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ကြတယ်။ ပြည်သူတွေကို အကြောက်တရားသွင်းတဲ့ နည်းဗျူဟာကို အသုံးပြုတာဖြစ်တယ်။

မင်းအောင်လှိုင်ရဲ့ အကြောက်တရားသွင်းတဲ့ နည်းဗျူဟာက အောင်မြင်မှုမရခဲ့ပါဘူး။ သူ့ရဲ့အကြောက်တရားသွင်းတဲ့ နည်းဗျူဟာကြောင့် စစ်တပ်ကို နဂိုက မုန်းပြီးသား ပြည်သူတွေဟာ ပိုရွံလာကြတယ်။
စစ်တပ်ဟာ လူမဆန်တဲ့သူတွေမှန်း လုံးလုံးသိသွားကြတယ်။ မင်းအောင်လှိုင်ရဲ့ အကြောက်တရားသွင်းတဲ့ ဗျူဟာကြောင့် အရင်က စစ်တပ်ဘက်ကို ပါချင်နေတဲ့ ပြည်သူအနည်းငယ်ဟာလည်း တော်လှန်ရေးဘက်ကို လုံးလုံးပါခဲ့ကြတယ်။

မင်းအောင်လှိုင်ဟာ နောက်ပိုင်းမှာ ပြည်သူနဲ့တော်လှန်ရေးကို သွေးခွဲတဲ့ ဗျူဟာတွေကို ပိုသုံးလာတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးတဲ့ပြည်သူတွေကို ရက်စက်စက်သတ်ဖြတ်ပြတယ်။လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်တယ်။

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်ဆံရင် ဒီလိုသတ်ဖြတ်ခံရမယ်ဆိုပြီး ပြည်သူတွေကို အကြောက်တရားသွင်းတဲ့ဗျူဟာပဲဖြစ်တယ်။ ပထမဆုံးကျင့်သုံးတဲ့ အကြောက်တရားသွင်းတဲ့ ဗျူဟာက ဝါးလုံးရှည်နဲ့ သိမ်းကျုံးရမ်းတယ်။ ဒုတိယကျင့်သုံးတဲ့ အကြောက်တရားသွင်းဗျူဟာက ပိုစနစ်ကျလာတယ်။ ဒါကြောင့် ပိုထိရောက်တာကို တွေ့ရတယ်။

ဒီလိုထိရောက်အောင်ဟာလည်း စစ်တပ်လက်အောက်ခံ မီဒီယာတွေက ဝိုင်းဝန်းပံ့ပိုးကြတယ်။ စစ်တပ်လက်အောက်ခံ မီဒီယာတွေက စစ်တပ်နဲ့ PDF တွေ အာဏာလုကြပြီး ပြည်သူက ကြားကနေ မြေစာပင်ဖြစ်နေတယ်ဆိုတဲ့ အမြင်မျိုးကို မကြာမကြာတင်သွင်းလာတာ ကြာပြီဖြစ်တယ်။ တနည်းအားဖြင့် တော်လှန်ရေးကနေ ပြည်သူကို ခွဲထုတ်ဖို့ ကြိုးပမ်းတဲ့ဗျူဟာဖြစ်တယ်။ ဒီနည်းဗျူဟာကို ကျင့်သုံးတာမှာ အချို့မီဒီယာတွေဟာ သိပ်ပါးနပ်လွန်းတာကြောင့် ပြည်သူတွေကိုယ်တိုင် သတိမထားမိကြဘူး။

ခုနောက်ဆုံး စစ်တပ်က အသုံးပြုလာတဲ့ ဗျူဟာက စစ်ကြောင်းထိုးရာမှာ စည်းရုံးရေးအသွင်ဟန်ဆောင်လာတာဖြစ်တယ်။ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးတာမျိုး၊ ဖမ်းမိတဲ့သူမှန်သမျှ သတ်ဖြတ်ပစ်တာမျိုးကို အချို့နေရာဒေသတွေမှာ မလုပ်ကြတော့ဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးတာမှာ ဖမ်းဆီးမိတဲ့သူအချို့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး ပြန်လွတ်ပေးလိုက်တာမျိုးရှိတယ်။ အချို့ကိုဆို ပိုက်ဆံ လမ်းစရိတ်တောင်ပေးလိုက်သေးတယ်လို့ သိရတယ်။ ဒါတွေဟာ သူတို့ ဘီလူးခေါင်းကို မင်းသားမျက်နှာဖုံးစွပ်လာတာဖြစ်တယ်။ လျှော့တွက်လို့မရပါဘူး။

မင်းအောင်လှိုင်စစ်တပ်ဟာ ပြည်သူတွေ စစ်ဒဏ်ကြောင့် ပန်းနေကြတာကိုသိတယ်။ တော်လှန်ရေးနယ်မြေမှာ တာရှိသူတချို့ရဲ့လုပ်ဆောင်ချက်တွေကို ပြည်သူတွေစိတ်ပျက်နေကြတာလည်း မသိဘဲမနေဘူး။

အဲ့ဒါကြောင့် သူတို့စည်းရုံးလို့ရနိုင်ခြေရှိတဲ့နေရာတွေကို စစ်ကြောင်းထိုးရာမှာ စည်းရုံးရေးအသွင်နဲ့ပဲသွားမှာဖြစ်တယ်။ ဒီစည်းရုံးရေးလမ်းစဥ်မှာ ပျော့သွားတဲ့ပြည်သူတွေ၊ လူမှုရေး၊ ဘာသာရေးခေါင်းဆောင်တွေ ရှိကြပါလိမ့်မယ်။

မင်းအောင်လှိုင်စစ်အုပ်စုရဲ့ မဟာဗျူဟာက သူတို့အာဏာကို ဆက်လက်ကိုင်ထားပြီး အာဏာရှင်လုပ်ဖို့ပဲဖြစ်တယ်။ အကြောက်တရားသွင်းတာ၊ တော်လှန်ရေးကနေ ပြည်သူကိုခွဲထုတ်တာ၊ စစ်ကြောင်းထိုးရင်း စည်းရုံးရေးပါတပါတည်း တွဲလုပ်တာတွေက သူတို့ရဲ့ နည်းဗျူဟာတွေပါ။

စစ်အာဏာရှင်တပ်ကို အမြစ်ဖြတ်ချင်ရင် သူ့နည်းဗျူဟာတွေကို တုန့်ပြန်နိုင်ဖို့လိုတယ်။ ရန်သူကို အထင်မသေးမိဖို့လိုတယ်။ ကိုယ့်ဘက်က ပြုပြင်သင့်တာတွေ၊ ပြောင်းလဲသင့်တာတွေ၊ လုပ်ဆောင်သင့်တာတွေကို အချိန်မဆိုင်းဘဲလုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါရစေ… ။

#တက်နေထွန်း
#မျက်မှောက်ခေတ်
#အတွေးအမြင်
#ဆောင်းပါး

error: Content is protected !!