မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ပ.အ.ဖ အဖွဲ့တခုကလေလံတင် ရောင်းချလိုက်တဲ့သစ်တွေကို Southern YSO PDF ဖမ်းမိခဲ့ပြီး သစ်တွေကိုစစ် ကော်မရှင်တပ်ရှိတဲ့နေရာ သယ်ဆောင်ဖို့ဖြစ်နေတယ်လို့ Southern YSO PDF က ဒီကနေ့ အောက်တို ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
တောလမ်းတစ်နေရာမှာ ကျွန်းပျဥ် ၈ တန်ကျော်တင်ဆောင်လာတဲ့ ဆယ်ဘီးကားတစ်စီးကို စက်တင် ဘာ ၂၆ ရက်နေ့မှာ Southern Yesagyo Local တပ်ပေါင်းစုက ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဆိုပါကားကို တားမြစ်ပြီး စစ်ဆေးမေးမြန်းရာမှာ ကျွန်းပျဥ် ၈ တန်ကျော်တင်ထားတဲ့ကားဟာ ရေစကြိုမြို့နယ် မြောက်လူးကန်ကျေးရွာကို မောင်းနှင်ပြီး မြောက်လူးကန်ကျေးရွာအနီးက စစ်ကော်မရှင်ရဲ့ ပခုက္ကူလေယာဥ်ကွင်း အဆောက်အဦအတွက် ပို့ဆောင်ဖို့ဖြစ်ကြောင်းသိရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးရမိတဲ့ ကျွန်းပျဥ် ၈.၁၅၃ တန်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ မကွေးတိုင်း၊ ဂန့်ဂေါခရိူင်၊ ကျောတိုက်နယ် အုပ်ချုပ်ရေးအဖွဲ့က ဦးအောင်ကိုလတ်ဆိုသူထံ လေလံတင်ရောင်းချခဲ့ သစ်တွေဖြစ်ကြောင်းလည်း စာရွက်စာတမ်းပုံနဲ့တကွ ထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။
ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ မှတ်တမ်းဓာတ်ပုံထဲပါ ကျောတိုက်နယ် ပ.အ.ဖ ရဲ့ထောက်ခံချက်မှာ သယ်ဆောင်လာတဲ့ ကျွန်းပျဥ်တွေဟာ ကျော်တိုက်နယ် ပ.အ.ဖ ဂိတ်မှာ ဖမ်းဆီးရမိထားတဲ့ ပျဥ်တွေဖြစ်ပြီး တော်လှန်ရေးအတွက် ရန်ပုံငွေလိုအပ်တာကြောင့် ရောင်းချရာမှာ ဦးအောင်ကိုလတ်က လေလံအောင်မြင်ခဲ့ကြောင်း၊ ယာဥ်မောင်းဦးဇော်ဌေး မောင်းမယ့် ကားပေါ်မှာ ပါလာတဲ့ ကျွန်းပျဥ်တွေဟာ လေလံအောင်ထားတဲ့ ပျဥ်တွေဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ထောက်ခံချက်ရဲ့အောက်မှာ ကျောတိုက်နယ် သယံဇာတတာဝန်ခံနှင့် အုပ်ချုပ်ရေးတာဝန်ခံနှစ်ဦး လက်မှတ်ရေးထိုးထားတာကိုတွေ့ရပါတယ်။
ကျောတိုက်နယ်က သယ်ဆောင်လာရာမှာ ပုလဲမြို့နယ် ပ.အ.ဖ၊ မြိုင်မြို့နယ် ပ.အ.ဖ နှင့် ပခုက္ကူမြို့နယ် ပ.အ.ဖ တို့ရဲ့ အခွန်ဖြတ်ပိုင်းတွေကိုလည်း တွေ့ရကြောင်း ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။ အဆိုပါမြို့နယ်တွေကို အခွန်ပေးသွင်းရာမှာ ကျောက်တိုက်နယ် ပ.အ.ဖ ထံကနေ သစ်တွေကိုလေလံအောင်ခဲ့တဲ့ ဦးအောင်ကိုလတ် နာမည်နဲ့ပဲ ပေးသွင်းထားတာကို တွေ့ရပါတယ်။
Southern YSO PDF အနေနဲ့ ကျောတိုက်နယ် ပ.အ.ဖ ထံကနေ လေလံအောင်ပြီး စ.က.မ လေယာဥ်ကွင်းအဆောက်အဦဆောက်လုပ်ရေးကို ပို့မယ့် သစ်ကားကို ဖမ်းဆီးဖို့ ကြိုတင်သတင်းရထားတာမျိုးမရှိဘဲ တပ်ဖွဲ့လုံခြုံရေးယူထားတဲ့ ဧရိယာကိုဝင်ရောက်လာရာက ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အာဏာရှင်လုပ်ငန်းအကျိုးပြုစေမယ့် လုပ်ငန်းတွေကို ဟန့်တားရမှာဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျွန်းသစ်နှင့် ကားကို တော်လှန်ရေးအကျိုးပြုလုပ်ငန်းတွေမှာ အသုံးပြုသွားမယ်လို့ Southern YSO PDF က ထုတ်ပြန်ပါတယ်။
#မျက်မှောက်ခေတ်
#ကျောတိုက်နယ်
#သစ်တော