Home > သတင်း > စစ်ရေး > မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များကို စစ်ကောင်စီနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ကူညီထောက်ပံ့နေတယ်လို့ AA ထုတ်ပြန်

မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များကို စစ်ကောင်စီနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ကူညီထောက်ပံ့နေတယ်လို့ AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနယ်တကြောတွင် လှုပ်ရှားနေတဲ့ ARSA၊ RSO စတဲ့ မွတ်ဆလင် လက်နက်ကိုင်အဖွဲ့တွေကို အာဏာသိမ်းစစ်တပ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အချို့က ကူညီထောက်ပံ့ပေးနေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) က စက်တင်ဘာလ (၂၇) ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

“ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်သည် ARSA၊ RSO အကြမ်းဖက်အဖွဲ့များအား လက်နက်ခဲယမ်းထောက်ပံ့ခြင်းတို့ကိုလည်း ဆက်လက်လုပ်ဆောင်လျက်ရှိသည်။” ဟု ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ထားတဲ့ မောင်တောမြို့မြောက်ပိုင်း နယ်စပ်မှတ်တိုင် (၅၆) နှင့် (၅၇) ကြားရှိ ပွိုင့် (၆၀၁) ကုန်းနှင့် နယ်စပ်မှတ်တိုင် (၅၂) အနီးရှိ ဒုံးညိုစခန်းကို တိုက်ခိုက်သိမ်းပိုက်ရန် ရည်ရွယ်ထားတဲ့ ARSA၊ RSO အဖွဲ့များနဲ့ ထိတွေ့တိုက်ပွဲများ (၁၂) ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရက္ခိုင့်တပ်တော် (AA) အနေနဲ့ ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင် စတဲ့မြို့နယ်တွေမှာ တိုက်ပွဲများဖြစ်ပွားနေသလို ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ အခြားနေရာ (၃) ခုမှာပါ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ အဆိုပါအခြေအနေတွေကို အခွင့်ကောင်းယူပြီး စခန်းသိမ်းရန် ရည်ရွယ်ချက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ခြမ်းမှ ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ကင်းထောက်ခြင်း၊ စစ်ကူလာနိုင်မယ့်နေရာတွေမှာ ကင်းပုန်းဝပ်ခြင်း စတဲ့လုပ်ငန်းတွေကိုလည်း ARSA၊ RSO အဖွဲ့တွေက လုပ်ဆောင်နေကြောင်းလည်း ဖော်ပြထားပါတယ်။

“ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (Border Guard Bangladesh – BGB) မှ အစွန်းရောက်စစ်သွေးကြွဝါဒကို အားပေးသော အကျင့်ပျက်အရာရှိတချို့၏ အားပေးထောက်ခံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရရှိထားလျက်ရှိကြသည်။ ARSA၊ RSO အကြမ်းဖက်အဖွဲ့တို့သည် စစ်ရေး၊ ထောက်ပံ့ရေး အကူအညီများကို အပြည့်အဝ ရယူထားရုံသာမက BGB စခန်းအနီး၌ပင် ၎င်းတို့၏ အကြမ်းဖက်တပ်စခန်းအချို့ကို အခိုင်အမာ အခြေစိုက် တပ်စွဲခွင့် ရရှိထားပြီး ၎င်းအခြေပြုနေရာများမှတဆင့် အာရက္ခဒေသအတွင်းသို့ ဝင်ရောက် အကြမ်းဖက်လှုပ်ရှားလျက် ရှိကြသည်။”လို့ ရေးသားထားပါတယ်။

စခန်းသိမ်းရန် ရည်ရွယ်ချက်နဲ့ ချဉ်းကပ်လာတဲ့ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA၊ RSO) တွေကို တိုက်ခိုက်ချေမှုန်းရာမှာ အလောင်းတချို့နှင့် စစ်အသုံးအဆောင်ပစ္စည်းတွေ၊ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး အရေအတွက်အတိအကျကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။
စက်တင်ဘာလ (၁၆) ရက်မှ စက်တင်ဘာလ (၂၇) ရက်အထိ တိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော် (AA)မှ တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိခဲ့ပြီး လက်ရှိအချိန်တွင် အပြည့်အဝထိန်းချုပ်ထားပြီးဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

မောင်တောခရိုင်အတွင်း ခိုးဝင်ရောက်ရှိလာတဲ့ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA၊ RSO) တွေက ဒေသခံပြည်သူတွေလူထုကို ဖမ်းဆီးခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်း၊ နှိပ်စက်ခြင်း၊ အနိုင်ကျင့်ငွေညှစ်ခြင်း၊ လုယက်ခြင်း၊ ပြန်ပေးဆွဲခြင်းတွေကိုလည်း လုပ်ဆောင်နေကြပြီး တချို့ကို ULA/AA ယူနီဖောင်းအစားထိုးဝတ်ဆင်ကာ လိမ်လည်ဝါဒဖြန့်နေကြတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA၊ RSO)တွေနဲ့ပတ်သက်လို့ ကူညီထောက်ပံ့ပေးနေတဲ့ BGB တပ်စခန်းတွေ၊ အရာရှိတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ အရေးမယူဘဲ လွှတ်ထားမယ်ဆိုပါက နှစ်ဖက်နယ်စပ်တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် ဆက်ဆံရေးတို့ကို ထိခိုက်စေပြီး နှစ်ဖက်တင်းမာမှုတွေ ပိုမိုမြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် နှစ်ဖက်ပြေလည်စေမယ့် နည်းလမ်းတွေကို အမြန်ဆုံးရှာဖွေပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုမျိုးကိုသာ ဦးစားပေးလုပ်ဆောင်သင့်ကြောင်းလည်း တိုက်တွန်းထားပါတယ်။

အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်အတွင်းရှိ နယ်စပ်ဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တောအပါအဝင် မြို့နယ်အများစုကို ထိန်းချုပ်ထားပြီး ကျန်ရှိနေသေးတဲ့ မြို့နယ်တချို့ကိုတော့ ထိန်းချုပ်နိုင်ရန် ကြိုးစားနေဆဲဖြစ်ပါတယ်။

မျက်မှောက်ခေတ်၊ စက်တင်ဘာ (၂၈)

error: Content is protected !!