Home > သတင်း > စစ်ရေး > ကလေးတောင်ပိုင်း ကြံသာကျေးရွာကို တော်လှန်ရေးတပ်တွေ လက်လွတ်လိုက်ရ

ကလေးတောင်ပိုင်း ကြံသာကျေးရွာကို တော်လှန်ရေးတပ်တွေ လက်လွတ်လိုက်ရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ၊ ကလေး – ဂန့်ဂေါ ကားလမ်းမကြီးပေါ်ရှိ ကလေးမြို့နယ်ရဲ့တောင်ဘက်စွန်ဆုံးကျေးရွာဖြစ်တဲ့ ကြံသာရွာကို တော်လှန်ရေးတပ်ဖွဲ့တွေက စက်တင်ဘာ ၂၀ ရက်နေ့မှာ ပြန်လည်လက်လွတ်လိုက်ရကြောင်း သိရသည်။

“သေချာတာကတော့ လူအင်အားချင်းအများကြီးကွာတယ်။ စစ်တပ်ဘက်က ပျူတွေရော၊ စစ်သားတွေရော အင်အားအများကြီး ဟံသာဝတီမှာဖြည့်ထားတာ။” ဟု တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကြံသာကျေးရွာကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ပျူစောထီးတွေကို အခြေပြုကာ တပ်စွဲထားသည့် ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီကျေးရွာဘက်ရှိ စစ်တပ်၊ ပျူပူးပေါင်းစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေ့စဥ်နီးပါးပစ်ခတ်မှုတွေဖြစ်ပွားခဲ့သလို လူအင်အားအများအပြားနဲ့စစ်ကြောင်းဆယ်ကြိမ်ထက်မနည်း ထိုးခဲ့ပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်းလည်းသိရသည်။

“ကြံသာကိုတိုက်ဖို့ ဟံသာဝတီရွာမှာ စစ်သား၊ ပျူတွေကို ကျွေးရတဲ့ထမင်းကကို ဆန်လေးငါခြောက်တင်းကုန်တယ်လို့ သတင်းကထွက်နေတာ” ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ဟံသာဝတီကျေးရွာကနေ ကြံသာကျေးရွာဘက်ကို စစ်တပ်နဲ့ပျူစောထီးတွေက စစ်ကြောင်းလေးကြောင်းဖြင့် လူလှိုင်းစစ်ဆင်ရေးပုံစံ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး စစ်မှုထမ်းတပ်သားသစ်လူငယ်တွေကို WY စိတ်ကြွဆေးကျွေးကာ အသေခံတက်ခိုင်းခဲ့ကြောင်း ကလေးနယ် တော်လှန်ရေးအင်အားစုဝင်တစ်ဦးက လူမှုကွန်ယက်တွင် ရေးသားထားသည်ကိုတွေ့ရသည်။

စက်တင်ဘာ ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကြံသာ ကျေးရွာတိုက်ပွဲမှာ စစ်တပ်ဘက်က သေဆုံးမှုတွေရှိသလို တော်လှန်ရေးရဲဘော်တွေ ထိခိုက်ကျဆုံးမှုရှိကြောင်း သတင်းရင်းမြစ်တွေဆီက သိရပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

“ကြံသာရွာက အရင်းအနှီးကြီးတယ်ဗျာ။ ကြံသာကိုသိမ်းခဲ့တုန်းက ရဲဘော်တွေလည်း အသက်ပေးဆပ်ခဲ့ရသလို၊ ရွာကိုသိမ်းပြီးတော့လည်း မြို့နယ်တောင်ပိုင်းကို စစ်ကောင်စီက ဗုံးတွေကြဲလို့ အရပ်သားတွေသေဆုံးခဲ့ရတယ်။” လို့ ကလေးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ကြံသာကျေးရွာစခန်းသိမ်းတိုက်ပွဲဆင်နွဲစဥ်က CDF- KKG ရဲဘော် ၃ ဦး၊ ကလေး ပ.က.ဖ ရဲဘော် ၂ ဦး၊ ဟံသာဝတီ ပ.က.ဖ ရဲဘော် ၁ ဦးတို့ ကျဆုံးခဲ့ရကြောင်းသိရသည်။ ထို့အပြင် စစ်တပ်၏ ဗုံးကြဲမှုကြောင့် အရပ်သား ၃ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်းသိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် ကလေးဒေသခံတပ်ဖွဲ့တွေက ကလေးမြို့နယ်ထဲက ကမ်းပါးနီတံတား၊ ဆည်တော၊ မှန်တော၊ အောင်သာယာ၊ ကြံသာကျေးရွာတွေကို ၂၀၂၅ ခုနှစ် နှစ်ဦးပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ကလေးမြို့နယ်တောင်ဘက်အဆုံး ကြံသာကျေးရွာကို ဧပြီလ ၁၁ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ကနေ သိမ်းယူခဲ့သည်။

လက်ရှိအချိန်တွင် တော်လှန်ရေးတပ်ဖွဲ့တွေသည် မြို့နယ်တောင်ဘက်ဆုံး ကြံသာကျေးရွာကို လက်လွတ်လိုက်ရသည်။ စစ်တပ်နဲ့ ပျူစစ်ကြောင်းမှာ ကြံသာကျေးရွာတွင်ရှိနေပြီး အောင်သာယာ၊ မှန်တော၊ ကမ်းပါးနီ စသည့် သူတို့စခန်းဟောင်းရှိခဲ့သည့်နေရာတွေကို ဆက်မတိုးနိုင်အောင် တော်လှန်ရေးတပ်ဖွဲ့တွေက ခုခံနေကြကြောင်း သိရသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်သည် နယ်မြေချင်းထိစပ်နေပြီး ကလေး – ဂန့်ဂေါလမ်းပိုင်းသည် ကလေး – ကဘော်ဒေသ နှင့် ချင်းပြည်နယ်အတွက် အချက်အခြာကျသည်။ အဆိုပါအချက်အခြာကျသော ကလေး – ဂန့်ဂေါကားလမ်းသည် စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီအားပေးသည့် ဂန့်ဂေါမြို့နယ်ထဲက ဟံသာဝတီ၊ ကုက္ကား မြောက်ခင်ရန်း၊ ပျုစောထီး ရွာတွေကြောင့် စစ်အာဏာသိမ်းပြီးကတည်းက လက်ရှိအချိန်ထိ သွားလာလို့မရကြောင်း သိရသည်။

မျက်မှောက်ခေတ်

error: Content is protected !!