အထီးကျန်တော်လှန်ရေးသမား (သို့) ရဲဘော်ကြီး
မောင်ချမ်းမြ
(မျက်မှောက်ခေတ် ရုပ်ပုံလွှာ)
၁။
မိသားစုလေးတစု ရေချိုးဆင်းလာသည်။ ဇနှီးမောင်နှံနှစ်ဦးနဲ့သားလေးတယောက် အတူလက်တွဲ မြစ်ထဲကိုရေချိုးဆင်းလာကြခြင်းဖြစ်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ရဲဘော်ကြီး၏ မျက်လုံးမှာ အဆွေးရိပ်တွေသန်းသွားသည်ကို မြင်လိုက်ရသည်။
“သတိရတာပ၊ လွမ်းတာပ”။ သူ့ရင်ထဲက ထွက်လာသည့် အသံဖြစ်သည်။ သူ့ဇနီးက ထောင်ထဲရောက်နေသည်။ သူ့သားနဲ့သမီးကလည်း အဝေးမှာ။ သူကတော်လှန်ရေးထဲမှာ။
၂။
“မြစ်ယံကာဆီး..တံတိုင်းကြီးလည်း ခြားနေပါစေ မေ..ရှိတဲ့အရပ်ကို အရဲစွန့်လို့ မောင်လိုက်ခဲ့ပါရစေ..” မယ်ဒလင်အသံနဲ့ သီချင်းသံသည် ညမှောင်မှောင်မှာ ပြန့်လွင့်လာသည်။
စီးဆင်းနေသောမြစ်။ ပတ်ဝန်းကျင်မှ သစ်ပင်ရိပ်တို့နဲ့ ညသည် အထီးကျန်ည ။ အထီးကျန်တိတ်ဆိတ်တဲ့ညမှာ အထီးကျန်ရဲဘော်ကြီးရဲ့ သီချင်းသံ။ ရေနွေးကြမ်းဖန်ဖန်ကိုသောက်ရင်း လောကဓံခါးခါးကို ရဲဘော်ကြီးဖြတ်သန်းနေခဲ့သည်။
၃။
“မင်းက ငြိုငြင်တာလား..။ တပ်ဖွဲ့အတွက်က ဘာမှငြိုငြင်စရာမလိုဘူး” ရဲဘော်ကြီးရဲ့ လုပ်ဖော်ကိုင်ဖက်ကို ပြောဆိုသောစကား။
ရဲဘော်ကြီးသည် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF အတွက် တာဝန်ကျေပွန်သောသူဖြစ်သည်။ တပ်ဖွဲ့အတွက်ဆို ဘာမှငြိုငြင်ခြင်းမရှိ။ ရဲဘော်တွေအချင်းချင်းပေါ်မှာ ငြိုငြင်ခြင်းမရှိ။ ဆွေမျိုးမိသားစုအပေါ်မှာလည်း ငြိုငြင်ခြင်းမရှိ။ သူ့ကိုထုထောင်းခဲ့သော လောကဓံတရားအပေါ်မှာလည်း ငြိုငြင်ခြင်းမရှိသူဖြစ်သည်။
သူ့တူတွေ၊ တူမတွေက သူ့ကို ယောဒေသအခေါ် ” ဖသားလေး” လို့ခေါ်ကြသည်။ ချစ်ကြသည်။
၄။
“အမေနေမကောင်းတော့ စိတ်ထဲနေလို့မကောင်းဘူး”
“အမေဆီ တလောကရောက်ခဲ့တယ်။ နေကောင်းတယ်။ စိတ်ချမ်းသာရတယ်”
ရဲဘော်ကြီးမှာ အသက်လေးဆယ့်ငါးနှစ်ဖြစ်ပေမယ့် အငယ်ဆုံးသားဖြစ်သည်။ အသက်ရှစ်ဆယ်ကျော်အမေကို သားလေးတယောက်ရဲ့ အမေအပေါ်ချစ်ခြင်းဖြင့် ချစ်နေဆဲ။
၅။
ခုတော့ ရဲဘော်ကြီးသည် အသက်ရှစ်ဆယ်ကျော်အမေအိုထက်အရင် လူ့လောကကို စွန့်ခွာသွားခဲ့လေပြီ။ တော်လှန်ရေးအတွက် အသက်ပေးသွားခဲ့လေပြီ။
“ဖသားလေးရေ” ဆိုသည့် တူမတွေရဲ့အသံတွေနဲ့အတူ ရဲဘော်ကြီးရဲ့နောက်ဆုံးခရီး။ ဇနီး၊သားနဲ့သမီး တစ်ယောက်မှ ရောက်မလာနိုင်သည့် ရဲဘော်ကြီးရဲ့နောက်ဆုံးခရီး။
“သင်သွားလိုရာ သွားနိုင်ပြီ။ ရဲဘော် ကောင်းရာသုကတိလားပါစေ” YPDF တပ်ဖွဲ့ဥက္ကဌ၏ အမိန့်တော်ပြန်တမ်းနဲ့ ဆုတောင်းစကားသံနောက်က ဂုဏ်ပြုတပ်ဖွဲ့သည် သေနတ်ပစ်ဖောက်ပြီး ရဲဘော်ကြီးကို နောက်ဆုံးဂုဏ်ပြုလိုက်ကြသည်။
“လေယာဥ်လာတယ်တဲ့”
ရဲဘော်ကြီးရဲ့ အသက်ကိုလုပ်ကြံသွားသော အကြမ်းဖက်စစ်တပ်ရဲ့ လေယာဥ်လာလေပြီ။ ရဲဘော်ကြီးနာရေးပို့ဆောင်သူတွေ လူစုအမြန်ခွဲကြရသည်။
ရာသီဥတုသည် အုံ့ဆိုင်းနေသည်။ ကောင်းကင်သည် အုံ့မှိုင်းနေသည်။ မီးခိုးငွေ့တွေ ကောင်းကင်သို့တက်နေသည်။ ကောင်းကင်မှ အကြမ်းဖက်စစ်တပ်၏ ဂျက်ဖိုက်တာ “တဝေါဝေါ” ပျံသံကို ကြားရလေသည်။
#မောင်ချမ်းမြ
#မျက်မှောက်ခေတ်
#ရုပ်ပုံလွာ