တိုးဝှေ့နေကြရတယ်လွှားအောင်(စစ်ကိုင်း)(မျက်မှောက်ခေတ် ခေတ်ပုံရိပ်)သတင်းဦးတဲ့ ပိတောက်ဦးတဲ့ သားဦးတဲ့ စသည်ဖြင့် အဦး အထွဋ်များက ပို၍ကောင်းသည်ထင်ပြီး ပို၍ ရယူလိုကြသည်။အဦးအဖျား ဆွမ်းတော်တင်သတဲ့။ ကောင်းလေစွ။ ဦးဦးဖျားဖျား မိဘဆရာသမားကို ကန်တော့ကြည်ညိုကြ ၊ ကောင်းမွန်သင့်မြတ်လှ။ အရာရာမှာ အဦးပထမဟာ အကောင်းဆုံးလို့ လက်ခံနားလည်ခဲ့ကြပါသည်။ပထမဆိုတာ လူတိုင်း လိုချင်တဲ့ ဆု မဟုတ်ပါလော။ ဦးစားပေးခံချင်ကြတာလည်း လူ့သဘာ၀ပါပဲ။ ဆေး မဦးလို့ ငါ့သားလေးဆုံးရသတဲ့။ ရောဂါပျောက်ဖို့ ဆိုသည်မှာလည်း ဆေး ဦးဖို့ လိုပါသည်။မြတ်စွာဘုရားရှင်သည် တရားဦးဟောဖို့ ဆင်ခြင်ကြည့်သည့်အခါ ဆရာဖြစ်သူများကို အရင်သတိရ အောက်မေ့ပါသည်။ လောက၌ ကျေးဇူး အဦးဆုံးတင်ထိုက်သူများပင် မဟုတ်လား။ဆရာဖြစ်သူတို့ မရှိကြတော့ တရားဦး ဟောရမဲ့သူ ငါးဦးအား အောက်မေ့ကာ တရားဦး ဓမ္မစကြာကို ဟောကြားခဲ့ပါသည်။တရားဦးဟောဖို့ ပဉ္စ၀ဂ္ဂီ ငါးဦးအား တွေ့သည့်အခါ ဘုရား၏စကား သူတို့မယုံကြ။ ဒုက္ကရစရိယာ ကျင့်တုန်းကတောင် ဘုရားမဖြစ်တာ ဆွမ်းပြန်စားမှ ဘုရားဖြစ်မယ်တဲ့လား။ သင့်စကား ငါတို့မယုံ ဆိုကာ တရားနာဖို့ သုံးကြိမ်သုံးခါ ငြင်းဆိုကြပါသည်။အဦးပထမကို ငြင်းရဲသူများပင်။ အခွင့်ရေးကြုံသည်မျှနှင့် ငါတို့မယူလို။ ငါတို့စွဲကိုင်ထားသော ယုံကြည်မှုနှင့် ကိုက်ကြည့်ပြီးမှ ယုံကြမည် ဆိုသော သူများပင်။ခုခေတ်များ သတင်းရတာနှင့် သူများထက် ဦးအောင် တင်ချင်ကြတာ တွေ့လာရသည်။ မှန်သည်မှားသည် အပထား ဦးလိုက်ရမှ။ သတိပညာနဲ့ မသုံးသပ် မဆင်ခြင်ကြတော့ ဦးဖို့ အဓိကဖြစ်လာကြသည်။ငယ်ငယ်က ဇာတ်ပွဲကြည့်ရသလို ရှေ့ဆုံးက နေရာ ဦးပေးပါဆိုသလို သူများထက် ရှေ့ရောက်ချင် ပိုသိပိုတတ်တယ်လို့ ကြွားဝါချင်သူ ပေါများလာပါသည်။သူများထက် ဦးနေမှလည်း သည်ခေတ်က တော်ကာကျသည်။ ဆီဆိုင်တန်းစီ နေရတဲ့ခေတ်မဟုတ်လား။ အပြိုင်အဆိုင်များသည့် ခေတ်ထဲ ဦးနေဖို့လိုပါသည်။ကိုရီးယား ရုပ်ရှင်ထဲက မင်းသားလို မီးပွိုင့်မိနေတာနဲ့ အချစ်ဦးကို သူငယ်ချင်းက အရင်ရောက်ကာ ဦးသွားသလိုမျိုး။ နောက်ကျခြင်းဟာ ဘာမျှ မကောင်း ။ နောက်ကျရင် နောက်ချေးပဲ ရမယ်ဆိုတဲ့ စကားအမှတ်ရမိသေးတော့သည်။ဘ၀မှာ လူတိုင်း နောက်ကျဖူးမည်ထင်ပါသည်။ နောက်ကျနေလို့ ရုံးအချိန်မီ ကသုတ်ကရက်သွားနေသူတွေ၊ ချိန်းထားတဲ့ အချိန် မရောက်ဘဲ ခဏခဏ နောက်ကျတတ် သူများ။ အချိန်ကို မချိန်နိုင် မချိန်တတ်လျှင် နောက်ကျမည်မှာမလွဲ။ ပေါ်ပေါက်လာသည့် ရုတ်တရက် အခြေနေများကလည်း နောက်ကျအောင် ဖန်တီးတတ်သည် မဟုတ်လား။လူတယောက် အချိန်နောက်ကျသည်က ပြင်ယူရမည့် အကျင့်ဆိုးတခုဖြစ်သလို နိုင်ငံတခုနောက်ကျနေရင်လည်း အမြန်ပြင်ဖို့လိုပါသည်။အစစအရာရာ နောက်ကျနေသော တိုင်းပြည်သည် မည်သိုမျှရှေ့ဆက်ဖို့ အဆင်ပြေနိုင်မည်မထင်ပါ။ကျန်းမာရေး ပညာရေး စီးပွားရေး အရာရာနောက်ကျ ကျန်ခဲ့သည်။ အဆိုးဆုံးက အာဏာရှင်စနစ်ကို ပြန်လည်ကျင့်သုံးကာ နိုင်ငံကို နောက်ပြန်လှည့်လိုက်ခြင်းပင်ဖြစ်သည်။ရှေ့မရောက်သည့်အပြင် အားလုံး ပျက်စီးသွားခဲ့ရသည်။ အသိဉာဏ်ပညာ နောက်ကျသူများ တိုင်းပြည်ကိုအုပ် မင်းလုပ်ချင်သည့်အခါ အရာရာဟာ နောက်ကျလို့ တိုင်းပြည်သည် လွန်ခဲ့သောနှစ်များသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။အိမ်ပြန်နောက်မကျရဲတော့။ နောက်ကျသည်နှင့် ခိုးဆိုးလုယက် ကြုံတွေ့ရနိုင်သလို ပေါ်တာလည်း အဆွဲခံရနိုင်သည်မဟုတ်လော။ ရန်ကုန်လိုနေရာမှာပင် ညရှစ်နာရီဆို လမ်းမပေါ်မှာ လူသိပ်မရှိတော့။ အိမ်ပြန်နောက်မကျရဲသည့်အတွက် တိတ်ဆိတ်လို့နေပြီဖြစ်သည်။အသိပညာ နောက်ကျပုံများ အာဏာရှင်ကို အားပေးထောက်ခံသည့် လူတန်းစားများရှိနေခြင်းပင်ဖြစ်သည်။ အားပေးရုံသာမက အဲ့ဒီစနစ်ထဲမှာကို ကျေနပ်စွာ တာ၀န်ထမ်းဆောင်နေကြသော ၀န်ထမ်းများရှိနေခြင်းကလည်း သိပ်အံ့ဩစရာ မဟုတ်တော့ပေ။နောက်ကျသောနိုင်ငံမှာ ဦးစားပေးခံလိုသူများက တပုံတပင်။ လူကြီးသားသမီး ဆွေမျိုးရင်းချာမို့ အခွင့်ရေး သူများထက် အကုန်ရသည်။ ဦးစားပေးခံရသည်။ ဆီတန်းစီစရာမလို။ ဆန်တန်းစီစရာမလို။အတ္တဦးစားပေးသူများပင်လည်း တပုံတပင်။ ငါ့အိမ်ငါ့မိသားစု မထိရင်ပြီးရော နေသာသလိုနေကြသူများလည်းရှိသည်။ငါးပါးသီလ ကြောက်လို့ ကျည်ဖိုးဆို မလှူချင်ဘူးတဲ့။ စစ်ဘေးရှောင်နှင့်ရေဘေးမှ ကုသိုလ်ရသတဲ့။ လူမသတ်ချင်သောသူများအား လူသတ်အစိုးရက အုပ်ချုပ်နေသည်မှာ မသိရော့လေသလား။ ဦးစားပေးသင့်တာမပေးဘဲ တွန့်ဆုတ်နောက်ကျနေသည်နှင့်အမျှ တော်လှန်ရေးအောင်မြင်မှုနှင့် ဝေးနေအုံးမည်ပင်။#လွားအောင်(စစ်ကိုင်း) Post Views: 155 Share