Home > Uncategorized > ငြိမ်းချမ်းတဲ့ ကောင်းကင်ကြီးအောက်မှာ

ငြိမ်းချမ်းတဲ့ ကောင်းကင်ကြီးအောက်မှာ

ငြိမ်းချမ်းတဲ့ ကောင်းကင်ကြီးအောက်မှာ

ဝေလင်းလက်

(မျက်မှောက်ခေတ် ရသစာတန်း)

လူတိုင်းသည် ငြိမ်းချမ်းချင်ကြပါသည်။ ကျနော်တို့နိုင်ငံကလူတွေ ငြိမ်းချမ်းရေးကိုတောင့်တခဲ့သည်မှာ ရာစုနှစ်တစ်ခုနီးပါးရှိခဲ့ပြီ။

နွေဦးတော်လှန်ရေးကာလ မတိုင်မီ နှစ်ပေါင်းများစွာ စစ်ဒဏ်ကိုခံခဲ့ရသူတွေမှာ တိုင်းရင်းသားတွေဖြစ်သည်။ စစ်အာဏာရှင်တို့၏ သတ်ဖြတ်မှု၊ မီးရှို့ဖျက်ဆီးမှု၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်မှုတွေကို ခံခဲ့ကြရသည်။

မြန်မာစစ်တပ်၏ အထက်ပါကျူးလွန်မှုတွေကို ပြည်တွင်းမှာ နေထိုင်သည့် ပြည်သူတွေမသိအောင် စစ်တပ်က ဖုံးဖိထားခဲ့သည်။ သတင်းအချက်အလက် ဆက်သွယ်ရခက်ခဲသည့်ကာလမို့ သူတို့အဖို့အလွယ်တကူဖုံးဖိနိုင်ခဲ့ကြသည်။
ဒါ့အပြင် မြန်မာစစ်တပ်က သူတို့ပိုင် မြဝတီရုပ်သံကနေ ဝါဒဖြန့်မှုကို ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့သည်။  ၁၉၈၀ – ၁၉၉၀ မွေးလူငယ်တို့ကို တိုင်းရင်းသားလက်နက်ကိုင်၊ သူပုန်ဆိုသည်မှာ ပညာမဲ့ လူကြမ်းကြီးတွေအဖြစ်မြင်အောင် သရုပ်ဖော်နိုင်ခဲ့သည်။ သူတို့သရုပ်ဖော်သည့်အတိုင်းပင် မြင်ခဲ့ကြသည့် ကလေးတွေများစွာရှိခဲ့ပါသည်။

လက်ရှိလူငယ်မျိုးဆက်သစ်တွေ လက်ထက်မှာတော့ အမြင်တွေပြောင်းပြန်ဖြစ်ကုန်ကြသည်။ PDF တပ်ဖွဲ့ဝင်တွေကို သူရဲကောင်းတွေအဖြစ်မြင်ကြပြီး စစ်ကောင်စီစစ်သားတွေကို လူယုတ်မာတွေအဖြစ်မြင်ကြတော့သည်။ အပြင်လက်တွေ့တွင်လည်းအတိုင်းဖြစ်နေသည်။

သည်နေရာမှာ ပြီးခဲ့သော သမိုင်းကြောင်းကို နည်းနည်းပြန်ကြည့်ဖို့ ဖြစ်လာသည်။ လက်ရှိစစ်အာဏာရှင်စနစ်ရဲ့ လက်ကိုင်ဒုတ်ဖြစ်နေတဲ့ မြန်မာစစ်တပ်သည်လည်း တစ်ချိန်က ပြည်သူ့အချစ်တော်ဖြစ်ခဲ့ဖူးသည်။ အထူးသဖြင့် ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလနဲ့ ကူမင်တန်ကျူးကျော်သူတွေကို တိုက်ခိုက်ခဲ့သည့်ကာလတွင် မြန်မာ့တပ်မတော်စစ်သားတွေကို ပြည်သူတွေက ချစ်ခဲ့ကြပါသည်။ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်ခဲ့သော မြန်မာ့စစ်တပ်သည် လက်ရှိအချိန်တွင် ပြည်သူတွေကိုသတ်ဖြတ်၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီး ၊ လေယာဉ်တွေနဲ့ ဗုံးကြဲနေသည်။

မြန်မာ့တပ်မတော် ဤသို့ဖြစ်ပျက်ခဲ့ရသည်မှာ သင်ခန်းစာယူစရာကောင်းသည်။ ပြည်သူတွေလွတ်လပ်အောင် ဖက်ဆစ်တော်လှန်ရေးကို အသက်ပေးပြီးတိုက်ခိုက်ခဲ့ကြသည်။

လွတ်လပ်ရေးရပြီးတော့လည်း ပြည်တွင်းစစ်မှာ တိုက်ခိုက်ခဲ့ကြသည်။ ကူမင်တန်တွေကို တိုက်ခဲ့ကြသည်။ အသက်စွန့်တိုက်သွားသည့်ရဲဘော်တွေရဲ့ အောင်ပွဲတွေသည် ပါတီတစ်ပါတီ၏ အကျိုး၊ လူတစ်စု၏ အကျိုးအတွက် အသုံးချခြင်းခံခဲ့ရသည်။

လက်ရှိအချိန်တွင်လည်း အသက်စွန့်ပြီးတိုက်နေကြသည့် PDF ရဲဘော်တွေ ရှိသည်။ သည်တစ်ကြိမ်တွင်တော့ စွန့်ခဲ့ရသော လူငယ်ရဲဘော်တွေရဲ့ အသက်သည် လူတစ်စုအတွက်၊ တစ်ပါတီအတွက် တိုက်ခဲ့ခြင်းမျိုးမဟုတ်။ အောင်ပွဲကို တစ်ပါတီအကျိုး၊ လူတစ်စုအကျိုး အသုံးချသည်ကိုလည်း မခံဖို့ ပြည်သူတွေက နိုင်ငံရေးကို လေ့လာစောင့်ကြည့်ကြစေလိုသည်။ ကိုယ့်နိုင်ငံသမိုင်းကို မကြာမကြာပြန်ကြည့်ဖို့လိုသည်။

ငြိမ်းချမ်းရေးကောင်းကင်ကို ရယူပိုင်ဆိုင်လိုလျှင် ကျယ်ပြန့်သော ငြိမ်းချမ်းရေးစိတ်ထားရှိဖို့လိုသည်။ ကိုယ့်ဒေသလေး ငြိမ်းချမ်းလျှင်တော်ပြီဆိုသည့်စိတ်မျိုး၊ ကိုယ်အနေအစားချောင်လျှင် အဆင်ပြေပြီ ဆိုသော စိတ်မျိုးလောက်နဲ့မရ။ 

ငြိမ်းချမ်းရေးကောင်းကင် အောက်မှာ နေထိုင်နိုင်ဖို့ ထိုက်တန်တဲ့စိတ်ထား၊ ထိုက်တန်တဲ့ လေ့လာအားထုတ်မှုတွေ ရှိရမည်ဖြစ်သည်။

#ဝေလင်းလက်

error: Content is protected !!