ရင်ကွဲမိခင်
မောင်ချမ်းမြ
(မျက်မှောက်ခေတ် ရုပ်ပုံလွှာ)
နဂိုက ဝဝဖြိုးဖြိုးရှိခဲ့ဟန်တူသော သူ့ကိုယ်ခန္ဓာသည် အနည်းငယ်ပိန်သွားသည်။ ပါးမို့မို့တွေအထက်က မျက်ကွင်းတွေချောင်ကျနေသည်။
ပါးမို့မို့နှစ်ဖက်ဘေးမှ ကျသောသူ့မျက်ရည်တွေ မခြောက်ခင် နောက်ထပ်မျက်ရည်စီးကြောင်းအသစ်တွေ ထပ်ကာထပ်ကာ ကျလာပုံရသည်။ ပါးနှစ်ဖက်ပေါ်တွင် ခမ်းခြောက်စ မျက်ရည်ချောင်းရိုးလေးနှစ်ခုပင်ရှိနေသည်ဟု ကျွန်တော်ထင်သည်။
စက်တင်ဘာလထဲမှာ သူ့သားကျဆုံးတာ သုံးနှစ်ပြည့်သွားပြီ။ သူ့သားနှင့် သူ့တူအရင်းနှင့်အတူ ဆယ်ကျော်သက်လူငယ် ဆယ့်တဦးကျဆုံးခဲ့သည်။
စစ်အာဏာရှင်ကို တူမီးသေနတ်နဲ့ အံတုခဲ့သော အာဂလူငယ်လေးတွေ ကျဆုံးခဲ့ရသည်။ သူတို့ကျဆုံးသည့် မြစ်ကူးတံတားနားမှာ အမှတ်ရသေနတ်တွေပစ်ဖောက်ကြသည်။ သို့သော် သူသွားမကြည့်။ သေနတ်သံတွေကြားတော့ သူ့ပါးပြင်မျက်ရည်ချောင်းရိုးလေး ပြည့်လျှံသွားသည်။ သူ့သား၏ သင်္ချိင်းသည် သူ့နှလုံးသားမှာရှိသည်။
စစ်အာဏာသိမ်းပြီးခါစ ၂၀၂၁ ခုနှစ် စက်တင်ဘာလဆန်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းသူတို့ရွာဆီချီတက်လာခဲ့သည်။ စစ်အာရှင်ကို လက်မခံနိုင်သော ဆယ်ကျော်သက် လူငယ်လေးဆယ့်တစ်ဦးက စစ်ကောင်စီစစ်ကြောင်းကို တူမီးသေနတ်၊ လက်လုပ်သေနတ်လေး တွေကို ခုခံဖို့ကြိုးစားခဲ့ကြသည်။ သူတို့ရွာကို စစ်သားတွေအဝင်မခံနိုင်။
စစ်ကောင်စီစစ်ကြောင်းက အင်အားကောင်းသည်။ လူအင်အားမှာ သာသည်။ လက်နက်ချင်းက တခြားစီ။ ရက်စက်ယုတ်မာမှုမှာ အားကောင်းသည်။ လက်နက်ကြီးနဲ့ဆက်တိုက်ပစ်ခတ်လိုက်ကြသည်။ နှမ်းရိုးသာ အကာအကွယ်ရှိသော၊ လက်လုပ်သေနတ်ကလေးတွေကိုင်ထားသော လူငယ်ဆယ့်တဦး ရွာကလေးအတွက်၊ တော်လှန်ရေးကြီးအတွက် အသက်ပေးခဲ့ရသည်။
သူ့သားကျဆုံးပြီးနောက် သူ့အနီးဝန်းကျင်က တော်လှန်ရေး ရဲဘော်တွေအားလုံး သူ့သားတွေဖြစ်သွားသည်။ ရဲဘော်လေးတွေကို ကျွေးမွေးစောင့်ရှောက်သည်။
သူ့မှာ မိသားစုစီးပွားရေးဆိုတာ မရှိတော့။ သူ့မှာ တော်လှန်ရေးသာရှိတော့သည်။ သားကိုဆုံးရှုံးလိုက်ရသောမိခင်သည် ဘာကိုမှဆုံးရှုံးမှာမကြောက်တော့။
သူ့မှာသားတယောက်တည်းကို ဆုံးရှုံးရသည်မဟုတ်။ သူ့တူအရင်းကိုလည်း ဆုံးရှုံးခဲ့ရသည်။ သူ့သားစိတ်နဲ့ သေသွားသည့် သူ့မောင်အရင်းကိုလည်း ဆုံးရှုံးခဲ့ရသည်။
ကျဆုံးကလေးတွေ တိုက်ပွဲကို သူ့အိမ်ကနေ ထွက်သွားကြခြင်းဖြစ်သည်။ အိမ်ပေါ်တွင်ကျန်ခဲ့သည့် ကလေးတွေရဲ့ ဦးထုပ်နဲ့ ဖိနပ်လေးတွေကို သူအမှတ်တရသိမ်းထားသည်။ သူ့သားရဲ့ ဂီတာကိုလည်း သိမ်းထားသည်။
စစ်ကောင်စီက သူ့ရင်ကိုခွဲခဲ့သည်။ သို့သော်သူသည် ဘဝသေမသွား။ ရင်ဘတ်ထဲမှ တော်လှန်ရေးမျိုးစေ့သည် ပိုပြီးကြီးထွားရင့်သန်လာသည်။ သူသည် သားတစ်ယောက်ကိုဆုံးရှုံးလိုက်ရသော်လည်း တော်လှန်ရေးသားကောင်းတွေကို ပြုစုပျိုးထောင်နေပါသည်။
#မောင်ချမ်းမြ
Credit Photo.