Home > Uncategorized > ပြောပြချင်တယ်

ပြောပြချင်တယ်

ပြောပြချင်တယ်

သီဟ(မကွေး)

(မျက်မှောက်‌ခေတ် ရင်ဖွင့်လွာကဏ္ဍ)

အာဏာသိမ်းကတည်းက တပါတည်းပါလာသော အရာပြပါဆိုလျှင် လာဘ်ယူမှုပင်ဖြစ်မည်။ စီဒီအမ်မလုပ်ဘဲ ကျန်ခဲ့သော ၀န်ထမ်းအများစုမှာ အကျင့်ပျက်ချစားသူများပင် ဖြစ်သည်။

စစ်‌ကောင်စီကလည်း သူ့လူတွေကို လာဘ်ယူ တာ  ပေါ်ပေါ်ထင်ထင်လုပ်ဖို့ အားပေးသည့်အလား ဥပဒေများစွာ ထုတ်သည်။

ဥပဒေ တခုထုတ်တိုင်း လာဘ်ယူမှုက ကပ်ပါလာသည်။ ယခု အနီးစပ်ဆုံး စစ်မှုထမ်းဥပဒေမှာပင် လာဘ်ယူမှုများစွာ။ နီးစပ်ရာ ရုံးတရုံး ၀င်ကြည့်လိုက်လျှင် ချက်ချင်းတွေ့ရမည်ဖြစ်သည်။

ဆေးရုံကြီးမှာ သလိပ်စစ်တော့ ရှေ့မှာ စက္ကူပုံးလေးချထားသည်။ အလှူငွေထည့်ရန်တဲ့။ လူတန်းကြီးမှာ တန်းမစီချင်လျှင် ၀န်ထမ်းကို ပိုက်ဆံသာပေးလိုက် ဆရာ၀န်နဲ့ ချက်ချင်းပေးတွေ့ပြီး အမှုကိစ္စ ပြီးမြောက်စေသည်။

နှစ်ပတ်တခါ ဧည့်စာရင်းတိုင်ဖို့ အုပ်ကြီးရုံးကို ပိုက်ဆံပေးရသည်။ ထောက်ခံစာအမျိုးအစားအလိုက် တောင်းခံငွေက မတူပေ။

လမ်းကြောင်းအမြန်နဲ့ နိုင်ငံကူးလက်မှတ် နေ့ချင်းထုတ်လို့ရသည်။ လမ်းကြောင်းမပါရင်တော့ လချီစောင့်ပေရော့။ လာဘ်အစားဆုံး အစိုးရဌာနသည် ဘယ်ဌာနမှန်း မသိသော်လည်း စာရေးသူကြုံတွေ့ရသည်က အခွန်ရုံးက ၀န်ထမ်းများသည်မို့ အခွန်တနှစ်စာရှင်းချင်လျှင် အခွန်မှူးစားပွဲရှေ့ထိုင်ရုံနဲ့ တင်ခ လေးသိန်းကျမည်။

ရသလားမေးလာသည်။မပေးနိုင်ရင် မရှင်းကြရုံ။ မရှင်းတော့ လုပ်ငန်းရှေ့ဆက်လို့မရ။နှစ်ကာလကြာအောင် မရှင်းခဲ့သာ အခွန်များအတွက် ရှင်းလိုက်တာ လာဘ် သိန်း၇၀၀ ပေးရသည်။ တံဆပ်ခေါင်းကို back date နဲ့ ပြန်ကပ်ပေးမည်။

အစိုးရကို ဆယ်သိန်းသွင်းရမည်ဆို ငါးသိန်းပဲဖြစ်အောင် လုပ်ပေးမည်။ တံဆိပ်ခေါင်းရုံးကသူကို သုံးသိန်းပေး ဆိုတာမျိုးက တဖုံ။ သိန်း ၅၀၀ ကျမည့် အခွန်ကို သိန်း ၃၀၀ ဖြင့် ရအောင်လုပ်ပေးမည်။

အဟ သိန်း ၂၀၀ မှ သိန်း ၁၀၀ကို သူ့ပေးရမယ်တဲ့။ Import license တစောင်အတွက် သိန်းရာချီပေးရသည်။ အကောက်ခွန်ဌာနမှာလည်း လာဘ်စားမှုတွေအပြည့်။

အမှုတခုခုနဲ့ အဖမ်းခံရမည်ဆိုပါက သက်ဆိုင်ရာလူကြီး အကောင်ကြီးကြီး၏ ဆွေမျိုးနီးစပ် တော်သည်ဆိုရင်ကို ကွင်းလုံးကျွတ်လွတ်မည်။ ဥ‌ပဒေသည် သူတို့လက်အောက်မှာပင်။

ငွေများတရားနိုင်ဆိုသည်မှာအမှန်ပင်။ အစိုးရရုံးနဲ့ ဆက်စပ်လုပ်ကိုင်ရမည်ဆိုလျှင် ငွေလမ်းခင်းလျှင် မြန်မြန်ပြီးနိုင်သည်။ မဟုတ်မမှန်တာ ကျော်ခွလုပ်လို့ရသည်။ ထိုအခြေနေများသည် စစ်ကောင်စီ အရင်ခေတ်များက မြန်မာပြည်မှာ ရှိခဲ့ပါသည်ဆိုပါက ယခုအခြေနေများက ပိုလို့ဆိုးနေသည်။

အုပ်ချုပ်ခံ ကျောမွဲလူတန်းစားများသည်ကား ငုံ့ခံ‌‌ နေကြရရုံပင်။ ထိုအခြေနေကို ကျော်လွန်ဖို့ ကျွန်တော်တို့ အမြစ်ကစ တော်လှန်ဖို့လိုပါသည်။ ကိုယ်ကျိုးရှာ စီးပွားရေးသမားများနှင့် စစ်ကောင်စီသည်ကား ပနာရလှပါသည်။

#သီဟ(မကွေး)

error: Content is protected !!