Home > Uncategorized > ကျောင်းလူမှုအဖွဲ့အစည်းကို တည်ထောင်နိုင်မှ

ကျောင်းလူမှုအဖွဲ့အစည်းကို တည်ထောင်နိုင်မှ

ကျောင်းလူမှုအဖွဲ့အစည်းကို တည်ထောင်နိုင်မှ

ဟန်နီကို
(မျက်မှောက်ခေတ် ပညာရေးဆောင်းပါး)

စာသင်ကျောင်းဆိုတာ ကလေးတွေကို သူတို့ဘဝအတွက် အခြေခံအုတ်မြစ်ချပေးတဲ့နေရာဖြစ်ပါတယ်။ ကလေးတစ်ယောက်ကို မိဘတွေက ကလေးဘဝမှာ သူတို့လိုရာ ထိန်းကြောင်းဆုံးမနိုင်ပေမယ့် ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့ အခါ ဆိုဆုံးမရခက်လာပါတယ်။

ဆယ်ကျော်သက်အရွယ်တွေဟာ မိဘထက် ပတ်ဝန်းကျင်အပေါင်းအသင်း တွေနဲ့ ပိုမိုထိတွေ့လာပါတယ်။ အဲ့ဒီတော့ သူတို့အတွက် အမြဲထိတွေ့နိုင်မယ့် လူမှုအဖွဲ့အစည်းကောင်းကို စာသင်ကျောင်းက ထူထောင်ပေးနိုင်ရပါမယ်။

ကျောင်းနေပျော်၍ စာတော်ရမည်

ကျောင်းလူမှုအဖွဲ့အစည်းဆိုတာ ကျောင်းဝင်းထဲမှာပဲ တည်တာမို့ ကျောင်းဝင်းအတွင်းမှာ ကလေးတွေအတွက် ကွင်းပြင်တွေ၊ ကစားကွင်းတွေ ၊ အပန်းဖြေထိုင်ဖို့ ထိုင်ခုံတွေ လိုအပ်ပါတယ်။ လက်ရှိအချိန်မှာ စစ်ကောင်စီရဲ့ အန္ဒရာယ်ကြောင့် စာသင်ကျောင်းအများစုဟာ နဂိုရှိပြီးသားကျောင်းနေရာ တွေမှာ ဖွင့်ခွင့်မရကြပါဘူး။ ဒါကြောင့် ကျောင်းဖွင့်ထားတဲ့နေရာမှာ တတ်နိုင်သမျှ သာသာယာယာဖြစ်အောင် လုပ်ထားဖို့အရေးကြီးပါတယ်။

ကျောင်းဖွင့်ထားတဲ့နေရာမှာ သာသာယာယာဖြစ်ဖို့ဆိုတာ ကျောင်းသူကျောင်းသားတွေနဲ့ ဆရာဆရာမတွေချည်းတတ်နိုင်တဲ့အရာမဟုတ်ပါဘူး။ ကျောင်းသားမိဘတွေ၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးတွေ ပါဝိုင်းကူမှဖြစ်မယ့်ကိစ္စပါ။

ကျောင်းဟာနေရာထိုင်ခင်းသာယာရင် ကျောင်းသားတွေ စိတ်လွတ်လပ်ပျော်ရွှင်ပါတယ်။ သူတို့တွေကျောင်းပျော်ရင် ၊ကျောင်းမှန်မှန်တက်မယ်။ ကျောင်းမှန်မှန်တက်ရင် စာဟာအထိုက်အလျောက်ရလာပါတယ်။

အရေးကြီးတဲ့ အသင်းအဖွဲ့နဲ့ အားကစား

ကျောင်းတစ်ကျောင်းမှာ အသင်းအဖွဲ့တွေဖွဲ့စည်းဖို့နဲ့ အားကစားဟာ အရေးကြီးပါတယ်။ ကျောင်းကောင်စီဖွဲ့ဖို့ဟာသိပ်အရေးကြီးပါတယ်။ ကျောင်းသူကျောင်းသားတွေဟာ သူ့အသင်း၊ကိုယ့်အသင်း ကိုတန်ဖိုးထားလေးစားတတ်လာပါမယ်။ ကိုယ့်အသင်းနဲ့ သူ့အသင်း ပြိုင်ဆိုင်လိုစိတ်တွေနဲ့ ကြိုးစားလာကြမှာဖြစ်သလို တာဝန်ခံ၊တာဝန်ယူတတ်မှုတွေလည်း ရှိလာမှာဖြစ်ပါတယ်။

အားကစားဟာ ကိုယ်ခန္ဓကြံခိုင်ရေးအတွက် သာမက စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်တိုးတက်မှုကို ဖြစ်စေတယ်ဆိုတာ အားလုံးသိကြမှာပါ။ နိုင်လိုစိတ်၊ အရှုံးကိုလက်ခံတတ်တဲ့စိတ်၊ တရားမျှတစွာ ယှဥ်ပြိုင်တတ်တဲ့စိတ်နဲ့ ကြိုးစားလေ့ကျင့်ခြင်းရဲ့အကျိုး စတာတွေကို ကျောင်းသူကျောင်းသားတွေ တွေ့မြင်လာကြမှာဖြစ်ပါတယ်။

တတ်နိုင်သမျှ သာယာတဲ့ အခင်းအကွက်၊ အသင်းအဖွဲ့၊ အားကစားတွေကို လုပ်ဆောင်နိုင်ပြီဆိုရင် ကျောင်းလူ့အဖွဲ့အစည်းကို ပိုကောင်းအောင်လုပ်နိုင်ပါပြီ။ ကျောင်းသူကျောင်းသားတွေဟာ ကျောင်းမှာပဲပျော်ရွှင်ကြတာမို့ မလိုလားအပ်တဲ့ ပြင်ပက စရိုက်တွေ ဝင်မလာနိုင်တော့ပါဘူး။

လက်ရှိအချိန်မှာ ကျောင်းကောင်စီ၊ အားကစားမရှိတဲ့ တနည်းအားဖြင့် ကျောင်းလူမှုအဖွဲ့အစည်းကို မတည်ထောင်နိုင်သေးတဲ့ ကျောင်းတွေ၊ စာချည်းကျူရှင်ဆန်ဆန်သင်နေတဲ့ ကျောင်းတွေ များစွာရှိနေကြဆဲပါ။ မရှိသေးတဲ့ကျောင်းတွေ စတင်လုပ်ဆောင်ပြီး လက်တွေ့အကောင်အထည်ဖော်ကြပါ။ မိဘနဲ့ကျောင်းကော်မတီတွေကလည်း လိုအပ်တာတွေပံ့ပိုးကြပါလို့ နိုးဆော်လိုက်ရပါတယ်။

#ဟန်နီကို
Credit photo.

error: Content is protected !!