Home > Uncategorized > အညာဒေသရဲ့ အရပ်ဇာတ်(၃)

အညာဒေသရဲ့ အရပ်ဇာတ်(၃)

အညာဒေသရဲ့ အရပ်ဇာတ်(၃)

မောင်ဧက
(မျက်မှောက်ခေတ်)

ပွဲစကတည်းက မှားရကောင်းလားဆိုပြီး စိတ်ပျက်၊လက်ပျက်နဲ့ ဘယ်သူမှထပြန်မသွားကြဘဲ ပွဲကနေသမျှ စိတ်ရှည်၊ သည်းခံပြီး ထိုင်ကြည့်နေကြသလို ပွဲကနေသမျှ လက်ခုတ်သံတသောသောနဲ့ အညာပြည်သူတွေ အားပေးတတ်ကြပါတယ်။

အရပ်ဇာတ်ပွဲကမယ့် ရက် ရောက်ပါပြီ။ရေတိုင်ကီလုပ်ထားတဲ့ ဆီပေပါအဟောင်းတွေကို အခြေခံပြီး အပေါ်မှာ တန်းထိုး ၊ သစ်သားပြားခင်းကာ ဝါးနဲ့လုပ်ထားတဲ့ အရပ်ဇာတ်စင်ဖြစ်ပါတယ်။

ပွဲမကခင် ရက်ပိုင်းအလိုကတည်းက ရွာထဲမှာရှိတဲ့ ဆီပေပါတွေကို အရပ်ဇာတ်မှာ ပါ၀င်သူတွေကိုယ်တိုင် လှည်းနဲ့ တိုက်သူကတိုက် ပခုံးပေါ်ထမ်းသူကထမ်း နဲ့အရပ်ဇာတ်စင် ဆောက်ခဲ့ကြတာပါ။

အရပ်ဇာတ်ပွဲခင်းကြီးမှာ ရပ်၊ရွာထဲက ရွာသူ၊ရွာသားတွေ၊ဘုန်းကြီးကျောင်းက ကိုရင်လေးတွေ၊ကလေးငယ်တွေက အရပ်ဇာတ်စင် စဖွင့်မယ်အချိန်ကို ခေါင်းမော့ပြီး မျှော်ကြည့်နေကြသလို ပွဲခင်းဘေးပတ်လည်က ကွမ်းယာရောင်းသူတွေ၊အချဉ်ပေါင်းရောင်းသူတွေနဲ့ ကလေးကစားစရာ ရောင်းသူတွေက နေရာယူထားတာဖြစ်ပါတယ်။

အရပ်ဇာတ်ပွဲခင်းဒေါင့်မှာ ဩဇာရှိလှတဲ့ ရွာဘုန်း ကြီးကျောင်းက သံဃာတော်တွေစောင့်ကြပ်နေကြပြီး တီးလုံးသံ စတာနဲ့ က ဖို့စောင့်နေကြတဲ့ လူငယ်တွေက သံဃာတွေဘေးမှာ မတ်တတ်ရပ်ရင်း ပွဲခင်းထဲက ကောင်မလေးတွေရှိတဲ့ဘက် ကြည့်နေတတ်ကြပါတယ်။

အရပ်ဇာတ်အဖွင့် တီးလုံးစတာနဲ့ ဇာတ်ခုံဒေါင့်မှာကဖို့စောင့်နေတဲ့လူငယ်တွေက သံဃာတော်တွေရဲ့ လက်ထဲမှာကိုင်ထားတဲ့ ထန်းလက်ဒုတ်နဲ့ သူတို့ ခေါင်း မိတ်ဆက်ပေးခံကြရတော့တာပါပဲ။အရပ်ဇာတ်ကဖို့အတွက် လူအား၊ငွေအားပါ၀င် မပေးကြဘဲ ပွဲကချိန် တီးလုံသံကြားမှကပ်ပျော်ချင်သူတွေ၊ပွဲဖျက်ဖို့ကြိုး စားကြသူတွေကတော့ ဆရာတော်တွေရဲ့ ဦး ခေါင်းကွဲမတတ် ရိုက်တာကို ခံကြရမှာဖြစ်ပါတယ်။

ဒါဟာ အညာဒေသရဲ့ အရပ်ဇာတ်ပွဲ ပါ။အညာဒေသရဲ့ အရပ်ဇာတ်ပွဲဖြစ်တာမို့ ပွဲစပြီဆိုကတည်းကအမှားတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။

အပျိုတော်ကတဲ့အချိန်မှာ မညီမညာကပြဖျော်ဖြေကြတာကို အရပ်ဇာတ်ပွဲ အဖွင့်မှာကတည်းကမြင်တွေကြရမှာလည်း ဖြစ်ပါတယ်။

အညာဒေသရဲ့ အရပ်ဇာတ်ဖြစ်တာကြောင့် ပွဲစကတည်းက မှားရကောင်းလားဆိုပြီး စိတ်ပျက်၊လက် ပျက်နဲ့ ဘယ်သူမှထပြန်မသွားကြဘဲ ပွဲကနေသမျှ စိတ်ရှည်၊ သည်းခံပြီး ထိုင်ကြည့်နေကြသလို ပွဲကနေသမျှ လက်ခုတ်သံတသောသောနဲ့ အညာပြည်သူတွေ အားပေးတတ်ကြပါတယ်။

#မောင်ဧက

error: Content is protected !!