Home > သတင်း > စစ်ရေး > ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ရွာကို စကစအကြမ်းဖက်တပ်က ဝင်ရောက်ပစ်ခတ် မီးရှို့လို့ ကလေးငယ်အပါအဝင် ပြည်သူနှစ်ဦးသေဆုံး၊ အများအပြားဖမ်းဆီးခံထားရ

ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ရွာကို စကစအကြမ်းဖက်တပ်က ဝင်ရောက်ပစ်ခတ် မီးရှို့လို့ ကလေးငယ်အပါအဝင် ပြည်သူနှစ်ဦးသေဆုံး၊ အများအပြားဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ရွာကို စစ်ကောင်စီအကြမ်းဖက်တပ်က အောက်တိုဘာလ ၁ ရက်နေ့ မနက်အ‌ေစာပိုင်းမှာ အကြမ်းဖက် ဝင်ရောက်လာခဲ့ပြီး ပစ်ခတ်မှုတွေကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် ပြည်သူနှစ်ဦးသေဆုံးပြီး လူ ၅၀ ထက်မနည်း ဖမ်းဆီးခံထားရကာ နေအိမ်တွေလည်း မီးရှို့ခံနေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ကျေးရွာတွင်းကို စစ်ကောင်စီအကြမ်းဖက်တပ်တွေက ကား၊ ဆိုင်ကယ်တွေနဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲကာ ဝင်ရောက်လာတာဖြစ်ပြီး ဘာကြောင့် အခုလို အကြမ်းဖက်တယ်ဆိုတာတော့ မသိရသေးပါဘူး။ နေ့လည်ပိုင်းမှာတော့ စစ်ကောင်စီအကြမ်းဖက်တပ်က ပြန်ထွက်သွားပြီး ရွာအနောက်ပိုင်းက နေအိမ်တလုံးမီးလောင်သွားတယ်လို့ သိရပါတယ်။ ဖမ်းဆီးထားသူတွေ ပြန်လွှတ်မလွှတ်ဆိုတာတော့ မသိရသေးပါဘူး။ ပြည်သူအများစုကတော့ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရပါတယ်။

ခင်ဦး-ရေဦးကားလမ်းပေါ် လာသမျှ စစ်ဆေးနေပြီး ဖြတ်သန်းသွားလာမျိုးတွေ မလုပ်ကြဖို့လည်း ဒေသခံတွေက သတိပေးထားပါတယ်။ ယာဉ်လိုင်စင်၊ လူလိုင်စင် လာသမျှ တားစစ်နေပြီး လိုင်စင်အထောက်အထားမပြနိုင်တဲ့ယာဉ်တွေကို သိမ်းဆည်းတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း ခင်ဦးမြို့နယ် NLD ပါတီမှ မြို့နယ်အလုပ်အမှုဆောင် ဦးချမ်းမြေ့မောင်ကိုလည်း နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်ရဲ့ နေအိမ်ကိုလည်း ဝင်ရောက်စီးနင်းရှာဖွေတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။

လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီအကြမ်းဖက်တပ်က စစ်ရေးအင်အားတိုးချဲ့နေပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားရာ မြို့နယ်‌တွေမှာ ထိုးစစ်ဆင်တာတွေ ပြုလုပ်နေပါတယ်။

#မျက်မှောက်ခေတ် #စစ်အာဏာရှင်ဆန့်ကျင်ရေး #ကျေးရွာမီးရှို့ #ခင်ဦးမြို့နယ်

error: Content is protected !!