Home > သတင်း > စစ်ရေး > ကျွန်းလှ၊ မုံရွာတို့တွင် ပေါက်ကွဲမှုဖြစ်ပြီး ဗိုလ်မှူးအဆင့်ရှိသူအပါအဝင် စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင်တချို့ သေဆုံး

ကျွန်းလှ၊ မုံရွာတို့တွင် ပေါက်ကွဲမှုဖြစ်ပြီး ဗိုလ်မှူးအဆင့်ရှိသူအပါအဝင် စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင်တချို့ သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နှင့် ကျွန်းလှမြို့တို့မှာ အောက်တိုဘာလ ၁ ရက်နေ့ မနက်ပိုင်းက ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင်တချို့ သေဆုံးဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့မှာ ဒီမနက် ၇ နာရီဝန်းကျင်အချိန်က စုပေါင်းရုံးအနောက်ဖက် ဦးလှရွှင် ဂျပါတီဆိုင်မှာ မနက်စာလာစားတဲ့ ဗိုလ်မှူး ဝင်းနိုင်ထွေးဆိုသူ သေနတ်နဲ့ ၅ ချက် ပစ်ခတ်ခံရပါတယ်။ သေနတ်နဲ့ပစ်ပြီး ဗုံးနှစ်လုံး ပစ်သွင်းလို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအကြမ်းဖက်တပ်က ဗိုလ်မှူးအပါအဝင် တပ်သားတဦးနှင့် ပြည်သူနှစ်ဦး စုစုပေါင်း ၄ သေဆုံးခဲ့ပြီး စိုးရိမ်ဒဏ်ရာရရှိသူ ၅ ဦးရှိကာ ကန့်ဘလူဆေးရုံကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်က ကျွန်းလှမြို့မှာ ပထမဆုံးဖြစ်စဉ်လည်း ဖြစ်ပါတယ်။ လက်ရှိမှာ‌ လုံခြုံရေးကို တင်းကြပ်ထားပါတယ်။

မုံရွာမြို့မှာ ဒီမနက် ၈ နာရီအချိန်ခန့်က မြို့ပတ်လမ်း၊ ဇလုပ်အဝိုင်းအနီး ပေါက်ကွဲမှုတခုဖြစ်ပေါ်ခဲ့ပြီး လုံခြုံရေးဆောင်ရွက်နေတဲ့ စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင် တယောက် သေဆုံးသွားပြီး တယောက်ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။ ဒီဖောက်ခွဲမှုကို Monywa UG Group နှင့် Monywa The Boys အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ Monywa The Boys အဖွဲ့က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီအကြမ်းဖက်တပ်က စစ်ကိုင်းတိုင်းအတွင်း ယင်းမာပင်၊ မုံရွာ၊ ရွှေဘို၊ ကောလင်း စတဲ့ခရိုင်တွေရှိ မြို့နယ် ၁၀ မြို့နယ်ကို အင်တာနက်ဆက်သွာ်ရေးဖြတ်တောက်ထားပြီး စစ်အင်အားတိုးချဲ့ကာ အကြမ်းဖက်မှုတွေ လုပ်ဆောင်နေပါတယ်။ ယခုရက်ပိုင်းအတွင်းမှာလည်း။စကစ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း စစ်ကိုင်းတိုင်းကို လာရောက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

#မျက်မှောက်ခေတ် #စစ်အာဏာရှင်ဆန့်ကျင်ရေး #‌ဗုံးပေါက်ကွဲ #အရာရှိသေ #မုံရွာ #ကျွန်းလှ #စစ်ကိုင်းတိုင်း

error: Content is protected !!