Home > သတင်း > စစ်ရေး > ဖမ်းဆီးခံခဲ့ရတဲ့ နာဂဒေသဦးစီးဥက္ကဌအပါအဝင် ကိုယ်စားလှယ်တို့ လွတ်မြောက်လာ

ဖမ်းဆီးခံခဲ့ရတဲ့ နာဂဒေသဦးစီးဥက္ကဌအပါအဝင် ကိုယ်စားလှယ်တို့ လွတ်မြောက်လာ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နာဂဦးစီးအဖွဲ့ဥက္ကဌ ဦးကေဆိုင်း၊ နန်းယွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်နှင့် နန်းယွန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အလုပ်အမှုဆောင် ၄ ဦးတို့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။

“ကိုစိမ်းမောင်နဲ့ ပါတီ EC ၄ ဦးတို့ကို နန်းယွန်း စစ်တပ်မှာထိန်းသိမ်းထားပြီး ဦးစီးဥက္ကဌ ဦးကေဆိုင်းကို လဟယ်မြို့နယ်မှာ အခြေစိုက်စစ်တပ်က လာခေါ်သွားတယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ပြန်လွတ်လာပြီဖြစ်ပါတယ်။”လို့ လဟယ်မြို့နယ် NLD ပါတီအလုပ်အမှုဆောင် ဦးလမ်းကြိုင်က အတည်ပြုပါတယ်။

နန်းယွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်နဲ့ အဖွဲ့ ကိုတော့ ဖမ်းဆီးစဉ်က သိမ်းယူသွားတဲ့ ပစ္စည်းတွေနဲ့တကွ ပြန်လည်လွှတ်ပေးလိုက်တာဖြစ်ပြီး တခြားထူးထူးခြားခြားမေးမြန်းတာတွေတော့ မရှိဘူးလို့ ဦးစိန်းမောင်က ပြောပါတယ်။

“နန်းယွန်းမြို့ စစ်တပ်က ဗဟိုကင်းအချုပ်ခန်းမှာ မြို့နယ်ပါတီက ၄ ယောက်နဲ့အတူထားတာပေါ့။ မေးမြန်းတာတော့ သိပ်မရှိဘူး။ ကိုယ်ရေးရာဇဝင်အကျဉ်းမေးတယ်။ ဓာတ်ပုံရိုက်တယ်။ ရုံးက သိမ်းခဲ့တဲ့ စာရွက်စာတမ်း ပီနံအိတ် ၂ ထုတ်လောက်ကို စစ်ဆေးတယ်။ မဲစာရင်းကွာဟမှု သိပ်မရှိဘူးဆိုတာပြောတယ်။ တခြားမေးတာမြန်းတာတွေ ကိုယ်ထိလက်ရောက်လုပ်တာတွေ မရှိပါဘူး။ အပြန်တော့ စာရွက်စာတမ်းတွေသိမ်းခဲ့တာအားလုံးပါမပါ စစ်မေးပြီး လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်လိုက်တာ။ တခြားတော့ ထွေထူးမရှိဘူး။ ရှေ့လုပ်မယ့်ဟာတွေကိုတော့ ပါတီညွှန်ကြားချက်တွေအတိုင်း လုပ်ကိုင်သွားမှာပါ။”လို့ နန်းယွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိန်းမောင်က ပြောပါတယ်။

လက်ရှိမှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်အပါအဝင် အစိုးရအဖွဲ့ဝင်တွေလည်း ပြန်လည်လွတ်မြောက်လာပြီဖြစ်ပါတယ်။ လက်ရှိအာဏာသိမ်းမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာအပါအဝင် ဒီမိုကရက်တစ် အဖွဲ့အစည်းအားလုံးကတော့ ကန့်ကွက်ရှုံ့ချတဲ့ ကြေငြာချက်တွေကို ထုတ်ပြန်ထားပါတယ်။

error: Content is protected !!