Home > သတင်း > တရားဉပဒေစိုးမိုးရေး > သင်္ချိုင်းမြေကျူးကျော်လို့ဆိုပြီး နေအိမ်တစ်လုံးကို ရွာသားတွေဝိုင်းဝန်းဖျက်ဆီး

သင်္ချိုင်းမြေကျူးကျော်လို့ဆိုပြီး နေအိမ်တစ်လုံးကို ရွာသားတွေဝိုင်းဝန်းဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ချင်းတွင်းမြစ်ကူးတံတား(ခန္တီး)အောက်ဖက်ရှိ၊ ဆင်သေကျေးရွာအုပ်စု၊ နန်မုံကျေးရွာရှိ သင်္ချိုင်းမြေအတွင်းမှာ ဝင်ရောက်ကျူးကျော်နေထိုင်လို့ဆိုပြီး နေအိမ်တစ်လုံးကို ရွာသားတွေက ဇန်နဝါရီလ ၃၀ ရက်နေ့မှာ သွားရောက်ဖျက်ဆီးခဲ့ကြပါတယ်။

“ကျွန်တော်တို့ရွာက သင်္ချိုင်းမြေဖြစ်တယ်။ အခုဟာက ကျွန်တော်တို့ရွာ စတည်လာခဲ့ကတည်းကမြေဖြစ်တယ်။ ဒီမြေက ၁၉၆၆ ခုနှစ်ကတည်းက ကျွန်တော်တို့ နန်မုံရွာကလူတွေသေရင် မြေမြုပ်လာခဲ့တာ။ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ဒီမြေကနေ ဖယ်ပေးဖို့ ရပ်ကျေးအုပ်ချုပ်ရေးမှုးရုံးမှာ အကြိမ်ကြိမ်ဖယ်ပေးဖို့ ဆွေးနွေးခဲ့တယ်။ ဒါပေမဲ့ မဖယ်ပေးတဲ့အပြင် သင်္ချိုင်းအုတ်ဂူတွေပါ ဖျက်စီးတယ်။ အဲဒီမှာကျွန်တော်တို့ မြေပြင်အခြေကြည့်ပြီး ကျူးကျော်တဲ့အိမ်ကို ရွာသားတွေက မီးရှို့ဖျက်ဆီးခဲ့တာ။”လို့ နန်မုံဒေသခံ ဦးထင်ငိုငမ်းက ပြောပါတယ်။

ဒီမြေမှာ နေလာတာ ၂ နှစ်ရှိနေပြီဖြစ်ပြီး စာချုပ်စာတမ်းတွေလည်း လက်ဝယ်မှာ ရှိတယ်လို့ နေအိမ်ဖျက်ခံရသူ ဒေါ်မိုးသူက ပြောပါတယ်။

“ကျွန်မဒီမှာလာနေတာ၂ နှစ်ရှိပြီ။ ဒါကကျွန်မတို့ပိုင်တဲ့မြေဖြစ်တယ်။ ကျွန်မဆီမှာ စာချုပ်တွေရှိတယ်။ ကျွန်မတို့ကို အားလုံးက အနိုင်ကျင့်ပြီး မီးရှို့ဖျက်စီးခဲ့တာ။ ကျွန်မလဲရှိတယ်။ ရွှေ့ခိုင်းတာလဲမရှိဘူး။ နန်မုံရွာတစ်ရွာလုံးလာပြီး ကျွန်မနေအိမ်ကိုမီးရှို့သွားခဲ့တယ်။ မီးရှို့တဲ့ထဲမှာ ဆင်သေအုပ်ချုပ်မှုးတွေပါတယ်။ မြို့နယ်ထွေအုပ်စာရေးလည်းပါတယ်။ ကျွန်မကိုလည်း မီးရှို့ပစ်မယ်လို့ ပြောဆိုခဲ့တယ်။”လို့ နေအိမ်မီးရှို့ခံခဲ့ရတဲ့ အိမ်ပိုင်ရှင် ဒေါ်မိုးသူကပြောပါတယ်။

ဖျက်ဆီးခံခဲ့ရတဲ့နေအိမ်က ကပ်မိုးကပ်ကာနေအိမ်ဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက နေထိုင်လာတာဖြစ်ကာ လက်ရှိနေအိမ်မှာ ဒေါ်မိုးသူအပါအဝင် သမီး၂ ဦး စုစုပေါင်း အမျိုးသမီး ၃ ဦးနေထိုင်ကြတာဖြစ်ပါတယ်။ လက်ရှိမှာ နေအိမ်မီးရှို့ခံရတဲ့အတွက် နေစရာအခက်အခဲဖြစ်နေသလို အဝတ်အစားတွေလည်း မီးလောင်သွားတဲ့အတွက် အခက်အခဲရှိတယ်လို့ ဆိုပါတယ်။ အခုလို နေအိမ်ဖျက်ဆီးခံရတာနဲ့ပတ်သက်ပြီး အမှုဖွင့်သွားမယ်လို့ ဆိုပါတယ်။ ရပ်ရွာဖက်ကလည်း သင်္ချိုင်းဖျက်ဆီးတဲ့အတွက် အမှုဖွင့်မယ်လို့ ကျေးရွာတာဝန်ရှိသူတွေက ပြောပါတယ်။ နန်မုံကျေးရွာက အိမ်ခြေ ၃၀ ဝန်းကျင်ရှိတဲ့ ချင်းလူမျိုးတွေနေထိုင်တဲ့ ကျေးရွာလည်းဖြစ်ပါတယ်။

ခန္တီးမာန်

error: Content is protected !!