Home > သတင်း > တရားဉပဒေစိုးမိုးရေး > ထန်တလန်-ဟားခါးကားလမ်းတွင် မှန်လုံကားတစ်စီး တိမ်းမှောက်ပြီး အမျိုးသမီး ၂ ဦးသေဆုံး

ထန်တလန်-ဟားခါးကားလမ်းတွင် မှန်လုံကားတစ်စီး တိမ်းမှောက်ပြီး အမျိုးသမီး ၂ ဦးသေဆုံး

ချင်းပြည်နယ်၊ ထန်တလန်မြိုနယ်၊ ထန်တလန်-ဟားခါးကားလမ်း၊ မိုင်တိုင်အမှတ် (၁၇) မိုင်တိုင်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက် ၇ နာရီခွဲအချိန်က မှန်လုံကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။ ထန်တလန်မြို့နေ ယာဉ်မောင်း ရုန်ကျဲအိုထန် (အသက် ၂၂ နှစ်) မောင်းနှင်ပြီး ခရီးသည်အပါအဝင် (၁၁) ဦးလိုက်ပါလာတဲ့ မှန်လုံကား ဖြူစိမ်းကြား (ချင်းတောင်တန်းကား) က ထန်တလန်ကနေ ဟားခါးမြို့သို့ မောင်းနှင်လာစဉ် ထန်တလန်-ဟားခါးကားလမ်း မိုင်တိုင်အမှတ် (၁၇) အနီးမှာ ကားက လမ်းဘယ်ဘက်ဘေးမှာရှိတဲ့ပေ ၁၅၀ ခန့်ရှိ ချောက်ထဲ တိမ်းမှောက်သွားခဲ့တာပါ။

“ဒီနေ့ မနက် ၇ နာရီခွဲက ချင်းတောင်တန်း မှန်လုံကားတစ်စီး ထန်တလန်မြို့ အဝင်ဂိတ်နဲ့ ၂ မိုင်ကျော်လောက်ဝေးတဲ့နေရာမှာ ကားကိုကွေ့ပြီးအတက် တက်တဲ့အချိန်မှာ ဂီယာကြီးထိုးလိုက်တာ။ ဂီယာကြီးထိုးတော့ မဝင်တော့ဘဲနဲ့ နောက်ပြန်ဆုပ်ရင်းနဲ့ လမ်းဘယ်ဘက်ရှိတဲ့ ချောက်ထဲ ကျသွားတာ။ အမျိုးသမီး ၂ ယောက်ကသေတယ်။ ဒဏ်ရာရသူ ၉ ယောက်ထဲမှာ ဟားခါးဆေးရုံကို ပို့ထားတဲ့ ၄ ယောက်ကတော့ ပြင်းထန်ဒဏ်ရာရှိတယ်။ အဲဒီ ၄ ယောက်ထဲမှာ ယာဉ်မောင်းပါတယ်။ ယာဉ်မောင်းက စိုးရိမ်ရတယ်။ ကျန် ၅ ယောက်က ဒဏ်ရာပြင်းထန်မရပါဘူး။” ထန်တလန်မြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်မီးသတ်ဦးစီးမှူး ဦးရွှေကျုံးလျန်က ပြောပါတယ်။

အဲဒီယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူအမျိုးသမီး ၂ ဦး၊ ဒဏ်ရာရရှိသူ ၉ ဦးရှိပြီး သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရသူ ၅ ဦးကိုတော့ ထန်တလန်ဆေးရုံမှာ ပို့ဆောင်ထားကာ ကျန်ဒဏ်ရာရ ၄ ဦးကတော့ အရေးပေါ် ဟားခါးဆေးရုံကို ပို့ဆောင်ပေးထားပါတယ်။ ဒီယာဉ်တိမ်းမှောက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူကို ထန်တလန်မြိုမရဲစခန်းကနေ ယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

ပိုးတေး

error: Content is protected !!