Home > သတင်း > တရားဉပဒေစိုးမိုးရေး > ပုလဲတွင် ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ၂ ဦးအပါအဝင် လူ ၃ ဦးကို မြို့နယ်ထွေ/အုပ်က နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်

ပုလဲတွင် ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ၂ ဦးအပါအဝင် လူ ၃ ဦးကို မြို့နယ်ထွေ/အုပ်က နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်တွင် ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးခဲ့စဉ်ကာလမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းတွေက နိုင်ငံတော်အကြည်ညိုပျက်အောင် ဟောပြောစည်းရုံးတာတွေ ပြုလုပ်ခဲ့လို့ ဆိုပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှုးက တရားလိုပြုလုပ်ကာ ဒီဇင်ဘာလ ၈ ရက်နေ့က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုထားပါတယ်။

“ကျွန်တော်တို့က အမှုပဲဖွင့်ထားတာ။ လောလောဆယ်တော့ ဘာမှမသိသေးဘူး။ တရားရုံးကပဲ စီမံမှာပါ။ နိုင်ငံတော်အကြည်ညိုပျက်စေအောင် သူတို့ဟောပြောတဲ့အထဲမှာ ပါတာပေါ့။ ပါတဲ့အတွက် တင်ပြလာလို့ ကျွန်တော်တို့က တရားလိုလုပ်ပြီး တရားစွဲတာ။ အဆင့်ဆင့် ခွင့်ပြုချက်နဲ့ လုပ်တာပါ။”လို့ တရားလိုဖြစ်သူ ပုလဲမြို့နယ် ဒုအုပ်ချုပ်ရေးမှုး ဦးအောင်အောင်က ပြောပါတယ်။

အမှုနဲ့ပတ်သက်လို့ တရားစွဲဆိုခံရသူတွေက ကြံ့ခိုင်ရေးပါတီရဲ့ စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁၀) ပါဝင်ယှဉ်ပြိုင်ခဲ့သူ ကိုယ်စားလှယ်လောင်း ဦးစောမောင်၊ ပုလဲမြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) ကဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးတင်ဆွေနှင့် ရပ်ကျေးစည်းရုံးရေးမှူး ဦးညိုရောင်တို့ကို တရားစွဲဆိုတာဖြစ်ပါတယ်။

“ဥပဒေကြောင်းအရ ရင်ဆိုင်ရမှာပေါ့ဗျာ။ ဘာလုပ်လို့ရမှာလဲ။ ဟုတ်တယ်မို့လား။ ဘာလို့လဲဆို ဒါတွေက ၅၀၅ (ခ) နဲ့စွဲမလား ဘာလားဆိုတာတော့ သူတို့ကတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှုလို့ ပြောထားတာ။ ဒါပေမယ့် တကယ်တမ်းကျတော့ ဘယ်လိုခေါ်မလဲဆိုတော့ ရွေးကောက်ပွဲကာလတွေမှာ ဟောပြောမှုတွေထင်ပါတယ်။”လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက စစ်ကိုင်းတိုင်းဥက္ကဌ ဦးမြင့်သိန်းက ပြောပါတယ်။

တရားစွဲဆိုခံရသူတွေက မဲဆွယ်စည်းရုံးရေးကာလ အောက်တိုဘာလ ၂၆ ရက်နေ့ မနက်ပိုင်းက ပုလဲမြို့နယ်၊ အင်တိုင်းသာကျေးရွာ ရွာလည်ဇရပ်မှာ မဲဆွယ်စည်းရုံးရေးဟောပြောစဉ် “ဦးသိန်းစိန်လက်ထက်က အတိုင်ပင်ခံရာထူးရှိသလား။ မရှိတဲ့ရာထူးကို နိုင်ငံခြားသား ၉၃ ယောက်ငှားထားရတယ်။ တစ်လ သိန်း ၅၀၊ ၆၀ ပေးပြီးငှားရတယ်။ သိန်း ၅ ထောင်ရှိတယ်။ ကျွန်တော်တို့မြို့နယ်၊ ကျေးရွာပေါင်းမှ သိန်း ၁ ထောင်မရဘူး။ ဒီလူတွေမငှားရင် လူမှုစီးပွား အကျိူးစီးပွားအတွက် အသုံးပြုလို့မရဘူးလား။ ကျွန်တော်တို့သာ မဲပေးခဲ့ရင် ဘာအတိုင်ပင်ခံမှ မခန့်ဘဲနဲ့ ကျွန်တော်တို့ကိုယ်တိုင် နိုင်ငံတော်အကျိုးဆောင်ရွက်မယ်။ ဒီနိုင်ငံအတွက် ဆောင်ရွက်လို့ မဲဆန္ဒရှင်တွေ နောင်တမရစေရဘူး။ လူနေမှုဘဝမြင့်မားတိုးတက်မယ်။ မြန်မာနိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံသားအုပ်ချုပ်တဲ့ တိုင်းပြည်ဖြစ်ဖို့လိုတယ်။ မြန်မာလူမျိုးအုပ်ချုပ်တဲ့တိုင်းပြည် ဘယ်နိုင်ငံခြားသားမှ အတိုင်ပင်ခံငှားစရာမလိုဘူး။ ၂၀၁၀ ဦးသိန်းစိန်လက်ထက် ဒီမိုကရေစီဖော်ဆောင်တဲ့ခေတ်မှာ ကိုယ့်မြန်မာလူမျိုး ဘယ်အတိုင်ပင်ခံမှ မငှားဘဲနဲ့ ဒီမိုကရေစီလမ်းကို ဖော်ဆောင်ခဲ့ပါတယ်။”ဆိုပြီး ပြောဆိုခဲ့တဲ့အပေါ် ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူတွေက မြို့နယ်ကို တင်ပြခဲ့လို့ စိစစ်ပြီး တရားစွဲဆိုတာလို့ သိရပါတယ်။

လက်ရှိအချိန်ထိတော့ တရားစွဲခံထားရသူတွေကို ဖမ်းဆီးတာ မရှိသေးပါဘူး။ “တရားရုံးက တိုက်ရိုက်စာထွက် ဖမ်းဆီးခိုင်းတာမျိုး၊ ဖမ်းဝရမ်းထုတ်ပေးတာမျိုးလည်း မရှိသေးဘူး။”လို့ ပုလဲမြို့မရဲစခန်းမှ အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့ကတော့ ရုံးပိတ်ရက်ဖြစ်တဲ့အတွက် ကြန့်ကြာတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ မင်းကင်းက NLD ဥပဒေ အထောက်အကူပြုအဖွဲ့ ဥက္ကဌဖြစ်သူ ဦးကျော်မင်းထွဋ်ကလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံခဲ့ရပြီး သူ့ကိုတော့ နေ့ချင်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ တခြားသော မင်းကင်းမြို့နယ်က ၅၀၅ (ခ) နဲ့တရားစွဲဆိုခံရသူတွေကိုလည်း အများစုကို ဖမ်းဆီးထားပါတယ်။

ရွေးကောက်ပွဲကာလအတွင်းအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း ကြံ့ခိုင်ရေးပါတီကနေ တရားစွဲဆိုထားမှု ၁၅ မှုလောက်ရှိတယ်လို့ သိရပါတယ်။ ပုလဲမြို့နယ်၊ မွေ့တုံကျေးရွာမှာ ရွာထဲအဝင်မခံခဲ့တာနဲ့ပတ်သက်လို့လည်း ကြံ့ခိုင်ရေးပါတီက ရွာသား ၂၀ ခန့်ကို တရားစွဲဆိုတာ ရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုမှုအနေနဲ့ ရခိုင်အရေးနဲ့ပတ်သက်ပြီး စာရွက်ကပ်ခဲ့လို့ ဖမ်းဆီးခံထားရတဲ့ မုံရွာခရိုင်ဗကသကျောင်းသားတစ်ဦးအပါအဝင် အနည်းဆုံး အမှု ၂၀ ကျော်ရှိနေပါတယ်။လက်ရှိမှာတော့ ကိုဗစ်ကာလဖြစ်နေတဲ့အတွက် အမှုတွေကို ရုံးတင်စစ်ဆေးတာမျိုး မရှိသေးပါဘူး။

လွင်မင်း (မျက်မှောက်ခေတ်)

error: Content is protected !!