Home > သတင်း > စီးပွားရေး > စစ်ကိုင်းတိုင်းတင်ဒါကိစ္စနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ ဂုဏ်သိက္ခာကျဆင်းအောင် ရေးသားသူကို ဝန်ကြီးချုပ် ကိုယ်ရေးအရာရှိက ဆက်သွယ်ရေးပုဒ်မနဲ့ အမှုဖွင့်

စစ်ကိုင်းတိုင်းတင်ဒါကိစ္စနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ ဂုဏ်သိက္ခာကျဆင်းအောင် ရေးသားသူကို ဝန်ကြီးချုပ် ကိုယ်ရေးအရာရှိက ဆက်သွယ်ရေးပုဒ်မနဲ့ အမှုဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့ တင်ဒါလေလံပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးပတ်က ပြုလုပ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ တင်ဒါလျှောက်ထားကြတဲ့ ကုမ္ပဏီတွေကြားမှာ ဝေဖန်မှုတွေလည်း များစွာ ထွက်ပေါ်နေပါတယ်။ ဒီတင်ဒါကိစ္စကိုပဲ Ko Zaw Gyi Facebook အကောင့်တစ်ခုကနေ အဆောက်အဦးတင်ဒါလုပ်ငန်းအကြောင်းဆွေးနွေးကြမယ်ဆိုတဲ့ ဂရုထဲမှာ ဝန်ကြီးချုပ်ကတော် ဒေါ်ချုးချုးအပါအဝင် ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိတို့ကိုပါ ဂုဏ်သိက္ခာကျဆင်းစေအောင် ရေးသားလို့ဆိုပြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ရဲ့ ကိုယ်ရေးအရာရှိဖြစ်သူ ဦးစီးအရာရှိ ဦးမျိုးကိုကိုက မုံရွာြမို့မရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေနဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က အမှုဖွင့် တိုင်ကြားထားပါတယ်။

“လောလောဆယ်တော့ အကြောင်းကြားထားပါတယ်။ စုံစမ်းစစ်ဆေးနေတုန်းပါ။”လို့ မုံရွာမြို့မရဲစခန်းမှ စခန်းမှုး ဒုရဲမှုး ဝင်းနိုင်က ပြောပါတယ်။

Ko Zaw Gyi Facebook အကောင့်မှာ “အန်တီချူးကိုထိန်းပေးပါ အမေစု၊ အဘတို့အကွက်တွေ NLD အစိုးရအဖွဲ့မှာ တွေ့ရတာ ရင်နာတယ်။ ကိုဗစ်ကာလမှာ အသက်စွန့် မဲပေးရတာ မတန်ဘူး။ ကျေးလက်တင်ဒါမှာ အန်တီချူးကိုယ်တိုင်ကစားပြီး PSO ၂ ယောက်ကို ထိုးကျွေးတာ။ တရားခံလုပ်တာ အဘအကွက်ပဲ။ ဒီရွှေသမင်ဘယ်ကထွက်တာ တင်ဒါသမားတိုင်းသိတယ်။ ရတဲ့ကောင်လဲသိတယ်။ မရတဲ့ကောင်လဲသိတယ်။ သူ့ကုမ္ပဏီတွေကို နာမည်ဟောင်းနဲ့တောင် မပေးရဲတော့ဘူး။ အသစ်လုပ်ခိုင်းပြီးပေးနေတာ။ ဂွင်ဖန်ဖို့ အဲလောက် ဦးနှောက်စားသလောက် စစ်ကိုင်းတိုင်းအတွက်များ စဉ်းစားခဲ့ရင် အန်တီချူးကို ထိန်းပေးပါ အမေစု။”လို့ ရေးထားတဲ့ ပို့စ်တစ်ခုနှင့် ဝန်ကြီးချုပ် PSO အကြောင်းပါရေးသားထားတဲ့ ပို့စ်တွေလည်း ပါဝင်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တင်ဒါလောကမှာ ပြောဆိုဝေဖန်မှုများခဲ့ပြီး တိုင်တန်းတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဒီအတွက် သက်ဆိုင်သူတွေကို စစ်ဆေးမှုတွေလည်း ပြုလုပ်နေတယ်လို့ သီးခြားအတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ သိရပါတယ်။

လက်ရှိမှာတော့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ရဲ့ ကိုယ်ရေးအရာရှိဖြစ်သူ ဦးစီးအရာရှိ ဦးမျိုးကိုကိုက မုံရွာြမို့မရဲစခန်းမှာ တိုင်ကြားထားမှုနဲ့ပတ်သက်ပြီး မုံရွာမြို့မရဲစခန်းက (ပ)၈၃၇/၂၀၂၀၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အရ အမှုဖွင့်ထားပြီး ရဲတပ်ဖွဲ့လုပ်ငန်းစဉ်တွေအတိုင်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လွင်မင်း (မျက်မှောက်ခေတ်)

error: Content is protected !!