Home > သတင်း > တိုင်းရင်းသားကဏ္ဍ > နတ်မတောင်ထိပ်အထိ ခြေလျင်တက်နိုင်မယ့် လမ်းကြောင်းသစ် ရှာဖွေနေ

နတ်မတောင်ထိပ်အထိ ခြေလျင်တက်နိုင်မယ့် လမ်းကြောင်းသစ် ရှာဖွေနေ

ဓာတ်ပုံ-Facebook

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ခေါ်နူးစုမ် ခေါ် နတ်မတောင်ထိပ်အထိ ခြေလျင်တောင်တက်နိုင်အောင် လမ်းကြောင်းသစ် ရှာဖွေမှုတွေ ဆောင်ရွက်နေတယ်လို့ ချင်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ခေါ်နူးစုမ်ခေါ် နတ်မတောင်ထိပ်အထိ ခြေလျင်လမ်းလျှောက်တက်ချင်သူတွေအတွက် ခြေလျင်လမ်းလျှောက်တက်နိုင်မယ့် လမ်းကြောင်းကို ပြုပြင်ဆောင်ရွက်ပေးမှာဖြစ်သလို ယာယီစခန်းတွေကိုလဲ ဆောက်လုပ်ပေးမှာဖြစ်ပါတယ်။

“နတ်မတောင်ထိပ်အထိ ခြေလျင်တက်လို့ရမယ့်လမ်းကြောင်းအသစ် ရှာဖွေမှုတွေလုပ်နေပါတယ်။ ခြေလျင်တက်တဲ့သူတွေက သဘာဝအလှကိုခံစားရင်းနဲ့ အေးအေးဆေးဆေးနဲ့ ခြေလျက်တက်လို့ရအောင် သူတို့အတွက်ကို လမ်းကြောင်းအသစ်လေးတွေ ရှာဖွေပြီးတော့ လုပ်ပေးတာ။ ကားလမ်းတွေကို ရှောင်သွားလို့ရမယ်။ တောလမ်းခရီးအနေနဲ့ တောင်ပေါ်ကို ခြေလျင်လမ်းလျှောက်တက်ချင်သူတွေ၊ သဘာဝအလှခံစားချင်တဲ့သူတွေ အတွက် လုပ်ပေးတာဖြစ်တယ်။ လမ်းကြောင်းအသစ်ရှာဖွေရာမှာ တချို့နေရာတွေက အရမ်းပဲ တက်ရတာခက်ခဲနေတယ်။ မတ်စောက်နေတယ်ဆိုရင် လူသွားလို့ရအောင် ပြုပြင်ပေးမယ်။ ယာယီစခန်းလေးတွေ ဆောက်လုပ်ပေးမယ်။”လို့ ချင်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာန တာဝန်ခံ ဦးအောင်ဖြိုးက ပြောပါတယ်။

နတ်မတောင် တောင်ထိပ်သို့ တက်ရောက်လိုသူတွေအတွက် ခြေလျင်တောင်တက် လမ်းကြောင်းသစ် ရှာဖွေမှုတွေကို ဇူလိုင်လပိုင်းက ပထမအကြိမ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလအတွင်း ပြီးခဲ့တဲ့အပတ်က ဒုတိယအကြိမ် ပြုလုပ်ခဲ့တာပါ။

“ကျွန်တော်တို့က အားလုံးအဆင်ပြေမယ့်လမ်းကြောင်းအသစ်ကို ရွေးချယ်ဆောင်ရွက်ပေးမှာပါ။ လမ်းလျှောက်ခြေလျင်တက်နိုင်အောင်ပဲ လုပ်မယ်။ ဆိုင်ကယ်နဲ့ စက်ဘီးတို့သွားရအောင် မလုပ်ဘူး။ ခြေလျင်တောင်တက်နိုင်ဖို့ကို လာမယ့်ဇန်နဝါရီလမှာ အပြီးလုပ်မယ်။ လာမယ့်၂၀၂၁ ခုနှစ် ခရီးသွားကာလမှာ တက်နိုင်တော့မယ်။”လို့လည်း ပြောပါတယ်။

အဲဒီခြေလျင်တောင်တက် လမ်းကြောင်းသစ် ရှာဖွေမှုတွေကို ကန်ပက်လက်မြို့နယ် ခရီးသွား ဒေသစီမံခန့်ခွဲရေးအဖွဲ့က ဦးဆောင်ပြီး ချင်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်နေတာပါ။ လမ်းကြောင်းသစ် ရှာဖွေမှုများပြုလုပ်ပြီးပါက ကုန်ကျစရိတ်၊ လမ်းကြောင်းသတ်မှတ်တာတွေကို ကန်ပက်လက်မြို့နယ် ခရီးသွား ဒေသစီမံခန့်ခွဲရေးအဖွဲ့က ရေးဆွဲ တွက်ချက်သွားမှာဖြစ်ပါတယ်။ ခေါ်နူးစုမ်ခေါ် နတ်မတောင် အမျိုးသားဥယျာဉ်မှာ ခရီးသွားဧည့်သည်ဝင်ရောက်မှုအနေဖြင့် ၂၀၁၇ ခုနှစ်က ပြည်ပခရီးသွားဧည့်သည် ၂၄၅၉ ဦး၊ ပြည်တွင်းခရီးသွားဧည့်သည် ၁၁၀၄၇ ဦး၊ ၂၀၁၈ ခုနှစ်မှာ ပြည်ပခရီးသွားဧည့်သည် ၂၃၆၄ ဦး၊ ပြည်တွင်းခရီးသွားဧည့်သည် ၁၆၉၀၄ ဦး၊ ၂၀၁၉ ခုနှစ်မှာ ဇန်နဝါရီလကနေ ဧပြီလအထိ ပြည်ပခရီးသွားဧည့်သည် ၁၁၄၈ ဦး၊ ပြည်တွင်းခရီးသွားဧည့်သည် ၆၃၀၉ ဦးတို့ ဝင်ရောက်ခဲ့တယ်လို့လည်း ချင်းပြည်နယ် ဟိုတယ်နှင်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနရုံး စာရင်းတွေအရ သိရပါတယ်။

အခုနှစ် COVID-19 ကာလအတွင်း ကန်ပက်လက်မြိုနယ် ခေါနူးစုမ်ခေါ် နတ်မတောင်အမျိုးသားဥယျာဉ်မှာ ပြည်တွင်းပြည်တွင်းပကနေ လာရောက်သူမရှိဘူးလို့လည်း သိရပါတယ်။ ခေါ်နူးစုမ်ခေါ်နတ်မတောင်အမျိုးသားဥယျာဉ်မှာ ရှားပါးတဲ့ တောင်ဇလပ်ဖြူl တောင်ဇလပ်နီအပင်တွေ၊ ရှားပါးသားငှက်တွေကို လေ့လာနိုင်သလို ဒေသရဲ့ ဓလေ့ဖြစ်ခဲ့တဲ့ အမျိုးသမီးတွေမှာ ပါးမည်းထိုးတဲ့ အမျိုးသမီးတွေနဲ့လည်း အမှတ်တရ ဓာတ်ပုံတွေ တွဲရိုက်နိုင်တဲ့ နေရာလည်းဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ စိတ်ဝင်စားတဲ့ ဒေသတစ်ခုလည်းဖြစ်သလို ပြည်တွင်းပြည်ပခရီးသွားဧည့်သည်တွေ အများအပြား လာရောက်လည်ပတ်ကြတဲ့ ဒေသတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ ခေါ်နူးစုမ်ခေါ် နတ်မတောင်အမျိးသားဥယျာဉ်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ပေပေါင်း တစ်သောင်းကျော်အထိ မြင့်ပြီးသတ်မှတ်ဧရိယာ ၁၇၆၂၀၂ ဧက ကျယ်ဝန်းရှိပါတယ်။

ပိုတေး

error: Content is protected !!