Home > သတင်း > ကျန်းမာရေး > MMK News – မုံရွာရစကက ရေယာဉ်လုပ်သား (၁၈၉၁) ဦးကို ရိက္ခာထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်ရေး‌ကော်မတီ (ရစက)က ရေယာဉ်တွေကို အမှီပြုလုပ်ကိုင်နေတဲ့ ရေယာဉ်လုပ်သား (၁၈၉၁) ဦးကို နိုဝင်ဘာလ ၁၇ ရက်နေ့က ဆန်၊ ဆီ၊ ပဲ ထောက်ပံ့ပေးခဲ့ပါတယ်။ အခုလို ထောက်ပံ့တာက ပထမဆုံးအကြိမ်ဖြစ်ပြီး ကိုဗစ်ကြောင့် လူစီးအမြန်ရေယာဉ်လိုင်းတွေ ပိတ်ထားရတဲ့ကာလအတွင်း ရေယာဉ်လုပ်သားတွေ စားဝတ်နေရေးအခက်အခဲ ဖြစ်လာတာကြောင့် ရစက ကနေ ထောက်ပံ့ပေးတာလည်း ဖြစ်ပါတယ်။

“ကိုဗစ်-၁၉ ကာလအတွင်း ရေယာဉ်တွေမထွက်ခွာရတဲ့အတွက် ရေယာဉ်လုပ်သားတွေ အခက်အခဲဖြစ်မှာမို့ ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်။ တချို့စက်လှေတွေဆိုရင် နားထားရတော့ စားမှုသောက်မှု အခက်အခဲရှိပါတယ်။ အဲဒီအတွက် အခက်အခဲများကို တစ်တောင့်တစ်နေရာကနေ မိသားစုစိတ်ကူညီတဲ့အနေနဲ့ ထောက်ပံ့ပေးတာ။”လို့ မုံရွာမြို့ ပုဂ္ဂလိကရေယာဉ်များ ပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီ ဥက္ကဌက ဦးအာကာမြင့်က ပြောပါတယ်။

ရစကအနေနဲ့ လုပ်သားတစ်ယောက်အတွက် ငွေကျပ်၂ သောင်း တန်ဖိုးရှိ ဆန် ၈ ပြည်၊ ဆီ ၁ ပိသာ၊ ပဲ ၁ ပြည်တို့ကို မုံရွာမြို့အခြေပြုပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်နဲ့ ကုန်တင်ယာဉ်တွေမှာ လုပ်ကိုင်နေကြတဲ့ ရေယာဉ်အုပ်၊ စက်ခန်းအုပ်၊ ဆီလောင်း၊ သင်္ဘောသား စတဲ့ ရေယာဉ်လုပ်သား (၁၈၉၁) ဦးကို ထောက်ပံ့ပေးတာပါ။ မုံရွာမြို့ကို အခြေပြုပြေးဆွဲနေတဲ့ ခရီးသည်တင်ရေယာဉ်နဲ့ ကုန်တင်ရေယာဉ်အသင်း(၂၆)သင်း၊ ရေယာဉ် အစီးရေ(၄၉၂) စီးရှိပါတယ်။ ရေယာဉ်တွေ ရပ်နားထားရတာကြာတာကြောင့် အခက်အခဲတွေဖြစ်လာတဲ့အတွက် ကိုဗစ်စည်းကမ်းချက်တွေအတိုင်း ပြန်လည်ပြေးဆွဲခွင့် ရချင်တယ်လို့ ရေယာဉ်အသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကုန်တင်ရေယာဉ်တွေက အခုကိုဗစ်ကာလအတွင်းမှာ မိမိတို့ကုန်ရှိရင် အထက်ပိုင်းကို သွားရောက်ပို့ဆောင်နိုင်ပါတယ်။ ကျွန်တော်တို့ ခရီးသည်တင်ရေယာဉ်အနေနဲ့ကတော့ လူတွေက မသွားရတော့ ခရီးသည်တင်ရေယာဉ်တွေ ရပ်နားထားရတယ်။ ဒီလိုရပ်နားထားရတော့ ကျန်တဲ့ရေယာဉ်တွေကို ကိုဗစ်စည်းကမ်းအတိုင်းပဲ ကုန်ပဲသီးသန့်တင်ပြီးတော့ အထက်ပိုင်းက ဟုမ္မလင်း၊ နမ့်တောတို့လို ကုန်သီးသန့်အနေနဲ့ ပြေးဆွဲချင်ပါတယ်။ ဒါမှသာ ဒီမော်တော်ရေယာဉ်တွေ မှီတင်းစားသောက်နေကြတဲ့ ရေယာဉ်လုပ်သားတွေ အဆင်ပြေမှာဖြစ်တဲ့အတွက် ဒါလေးကိုပြောချင်တယ်။” ငွေစင်ဦး အမြန်ရေယာဉ်အသင်းတာဝန်ခံ ဦးသောင်းညွှန့်က ပြောပါတယ်။

ရေယာဉ်လုပ်သားတွေကို စားနပ်ရိက္ခာထောက်ပံ့ပေးတဲ့အခမ်းအနားကို တိုင်းလျှပ်စစ် လမ်းပန်းဝန်ကြီးနှင့် တာဝန်ရှိသူတွေ၊ ရေယာဉ်အသင်းတာဝန်ရှိသူတွေ၊ လုပ်သားတွေ တက်ရောက်ခဲ့ကြပါတယ်။

ရိုက်ကူး-အေပီတီ/တင်ဆက်-AKL

error: Content is protected !!