နိုင်ငံတော်က ကိုဗစ်ကာလအတွင်း ဝင်ငွေပုံမှန်မရှိတဲ့ အိမ်ထောင်စုတွေကို တစ်အိမ်ထောင်ကို ကျပ်နှစ်သောင်းနှုန်းနဲ့ စတုတ္ထအကြိမ်အဖြစ် ထောက်ပံ့ကြေးတွေ ပေးအပ်နေတာပါ။ အခုလိုပေးအပ်ရာမှာ ချောင်းဦးမြို့နယ်အတွင်းက ကျေးရွာတွေမှာ ထောက်ပံ့ငွေအပြည့်အဝမရရှိဘဲ ဖြတ်တောက်ခံနေရတာတွေ၊ ရသင့်ပြီး မရတာတွေ၊ အရင်ကရပြီး အခုမရတော့တာတွေ ဖြစ်ပေါ်နေတာကြောင့် နိုဝင်ဘာလ ၁၈ ရက်နေ့က ကိုဗစ်စည်းမျဉ်း စည်းကမ်းတွေအတိုင်း လူ ၃၀ ဦးဝန်းကျင် မြို့တွင် လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
“တစ်ယောက်ထဲနဲ့ ၃ ခါစာရင်းပါလာတာတွေ့ရတယ်။ တစ်ယောက်ထဲနဲ့ နှစ်ခါ စာရင်းပါလာတာတွေ တွေ့ရတယ်။ အစိုးရဝန်ထမ်းရှိရက်နဲ့ ရတာတွေရှိတယ်။ ထန်းရွက်တဲနဲ့နေတဲ့သူတွေ လုံးဝ မရတာတွေရှိတယ်။ စာရင်းတွေကြည့်ချင်လို့ပါဆိုပြီးတောင်းတော့လည်း မြို့နယ်ရဲ့ ညွှန်ကြားချက်အရ မပေးနိုင်ပါဘူးလို့ဆိုပြီး ကြည့်ခွင့်မရဘူး။ ဘယ်နှစ်ယောက်ရတယ်ဆိုတာလည်း မသိရဘူး။ ဒီလိုအဂတိတရားတွေကို စစ်ဆေးပေးမယ့်သူတွေလိုနေလို့ အခုလို ဆန္ဒပြတာပါ။”လို့ ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးနိုင်မိုးဦးက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ ချောင်းဦးမြို့နယ်အုပ်ချုပ်ရေးမှူးကို သွားရောက်မေးမြန်းခဲ့ပေမယ့် အစည်းဝေးရှိနေလို့ဆိုပြီး တွေ့ဆုံမေးမြန်းခွင့် မရရှိခဲ့ပါဘူး။ အခုလို ဖြစ်စဉ်တွေက နေရာတော်တော်များများမှာ ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။ ထောက်ပံ့ကြေးကိစ္စနဲ့ပတ်သက်လို့ ဆန္ဒပြတာကတော့ ချောင်းဦးမြို့နယ်မှာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။ အရင်အကြိမ်တွေက ရရှိခဲ့ပေမယ့် အခုတစ်ကြိမ်မရတော့တဲ့သူတွေလည်း ရှိနေပါတယ်။
“ငွေတစ်သောင်းခွဲ၊ ဆန် ၆ ပြည်နှင့် ဆီတစ်ဗူးရဖူးပါတယ်။ အဲဒီတုန်းကလည်း ငွေကောက်တာတွေ ရှိပါတယ်။ ၄ ကြိမ်ထောက်ပံ့တာမှ ၂ ကြိမ်ပဲရပါတယ်။ ဒါပါပဲ ဘာမှမရပါဘူး။ သွားသွားပြောတော့လည်း ကျုပ်ကလွဲလို့ ဘယ်သူ့သွားတိုင်မှာလဲ။ ကျွန်မတို့က သူများဟာ အငှားလိုက်လုပ်ရတာပါ။ တောင်သူကြီးတွေကျတော့ရတယ်။ ကျွန်မတို့ကျတော့ မရလို့ အခုလို ဆန္ဒပြရတာပါ။”လို့ ဆန္ဒပြပွဲမှာ ပါဝင်သူ ဒေါ်မြင့်ဌေးက ပြောပါတယ်။
အခုလိုဖြစ်နေတဲ့အပေါ် တိုင်စာတွေအရ ကြားသိနေရပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးတချို့ကိုတော့ ပြင်းထန်စွာ သတိပေးကာ အရေးယူဆောင်ရွက်နေတာတွေလည်း ရှိတယ်လို့ တိုင်းအစိုးရအဖွဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက ပြောပါတယ်။
ကိုဗစ်ကာလအတွင်း စစ်ကိုင်းတိုင်းမှာ အစိုးရက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ အခြေခံလူတန်းစားတွေအတွက် ပစ္စည်း ၅ မျိုးထောက်ပံ့မှုအနေနဲ့ အိမ်ထောင်စုပေါင်း ၄၃၄၀၀၀ ကျော်၊ ကာလတတန်ဖိုး ကျပ်သန်း ၅၅၀၀ ကျော်ဖိုး၊ ဒုတိယအကြိမ် ငွေကျပ် ၁၅၀၀၀ နှုန်းနဲ့ အိမ်ထောင်စုပေါင်း ၂၇၅၀၀၀ ကျော်၊ ကာလတန်ဖိုး ကျပ်သန်း ၄၅၀၀၀ ကျော်၊ တတိယအကြိမ်မှာ ငွေကျပ် ၂ သောင်းနှုန်းနဲ့ အိမ်ထောင်စု ၇၁၀၀၀၀ ကျော်အတွက် ကျပ်သိန်းပေါင်း ၁၄၂၀၀၀၀ ကျော်တို့ကို ထောက်ပံ့ပေးထားပါတယ်။ လက်ရှိ စတုတ္ထအကြိမ် ထောက်ပံ့တာကိုတော့ ထောက်ပံ့နေဆဲဖြစ်တဲ့အတွက် မသိရသေးပါဘူး။
ချောင်းဦးမြို့နယ်က ဆန္ဒပြပွဲကိုတော့ မနက် ၉ နာရီအချိန်မှာ မြို့မအားကစားကွင်းကစတင်ကာ မုံရွာ-မန္တလေးလမ်းမကြီးအတိုင်း ချီတက်ခဲ့ပြီး ဈေး၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့တို့ကို လှည့်ပတ်ကာ ပခုက္ကူလမ်းခွဲရှိ ဗိုလ်ချုပ်ကြေးရုပ်မှာ အဆုံးသတ်ခဲ့ပါတယ်။ ဆန္ဒပြရာ လမ်းတလျှောက် အဂတိမကင်းတဲ့ အုပ်ချုပ်ရေးမှူးတွေကို အရေးယူပေးရေး၊ အခြေခံလူတန်းစားထောက်ပံ့ငွေ တန်းတူရရှိရေး စတဲ့ကြွေးကြော်သံတွေကိုလည်း ကြွေးကြော်ခဲ့ကြပါတယ်။
လွင်မင်း (မျက်မှောက်ခေတ်)