စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ချောင်းဦး-ပခုက္ကူကားလမ်း၊ နွယ်ခွေကျေးရွာအနီးမှာ နိုဝင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက ပြည်သူ့ပါတီနှင့် NLD ပါတီ၊ Save Monywa အဖွဲ့နှင့် ချောင်းဦးမြို့ခံ အရပ်ဖက်အဖွဲ့တွေ၊ ဒေသခံတွေပူးပေါင်းကာ အမှိုက်ကောက်ကမ်ပိန်းတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။
“အဓိကကတော့ ဒီလမ်းက ပုဂံကိုသွားတဲ့လမ်းဖြစ်တယ်။ နိုင်ငံခြားသားတွေလည်း မကြာခဏလာတယ်။ လမ်းမကြီးလည်းဖြစ်တယ်ပေါ့။ ချောင်းဦးက အဖွဲ့တွေက ဆက်သွယ်လာတော့ စိတ်ဝင်စားတာနဲ့ လုပ်ဖြစ်တာပါ။ ကျွန်တော်တို့ Save Monywa အဖွဲ့အနေနဲ့တော့ ပုံမှန်ပြုလုပ်နေကျဖြစ်ပါတယ်။ စာသင်ကျောင်း၊ ဈေးတွေမှာလည်း သရုပ်ဖော်တွေနဲ့ကမ်ပိန်းတွေ ပြုလုပ်နေကျဖြစ်ပါတယ်။”လို့ စစ်ကိုင်းတိုင်းပြည်သူ့ပါတီအတွင်းရေးမှူး ဦးအောင်နေမျိုးက ပြောပါတယ်။
အမှိုက်ကမ်းပိန်းကို ချောင်းဦး-ပခုက္ကူလမ်းတလျှောက် ၂ မိုင်ကျော် လမ်းလျှောက်ကာ ကောက်ယူပြီး မီးရှို့ဖျက်ဆီးတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ခရီးသွားလာသူတွေ စွန့်ပစ်ထားခဲ့တဲ့ Mask တွေနဲ့ တခြားအမှိုက်တွေက မြင်မကောင်းအောင် ဖြစ်လာတဲ့အတွက် အခုလို စီစဉ်ဖြစ်တာလို့ ချောင်းဦးမြို့ အမှိုက်ကောက်အဖွဲ့က ပြောပါတယ်။
“ကျွန်တော်တို့အဖွဲ့ကတော့ အမှိုက်ကောက်လာတာ ၈ ကြိမ်ရှိပြီ။ ဒီလမ်းမကြီးမှာတော့ အခုကောဆို ၂ ကြိမ်ပေါ့။ အဓိက ရည်ရွယ်ချက်က ကိုဗစ်ကာလဆိုတော့ Mask တွေက မြင်မကောင်းအောင် ဖြစ်နေတယ်။ အခုလို ရှေ့ကနေလုပ်ပြရင် ပြည်သူတွေကလည်း နောက်က စည်းကမ်းမဲ့အမှိုက်မပစ်ဘဲ ပူးပေါင်းလာမယ်လို့လည်း မျှော်လင့်မိပါတယ်။”လို့ ချောင်းဦးမြို့နယ် NLD အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အမှိုက်ကမ်ပိန်းပြုလုပ်တာကို မြို့နယ်စည်ပင်နှင့် မြို့နယ် မီးသတ်တို့ကလည်း ယာဉ်အားတွေနဲ့ ဖြည့်ဆည်းပေးခဲ့ပါတယ်။ ဒါ့အပြင် Save Monywa အဖွဲ့အနေနဲ့ ချောင်းဦးမြို့နယ် NLD ရုံးနှင့် မြို့မဈေးတွေမှာ အမှိုက်စနစ်တကျပစ်ဖို့ သရုပ်ပြတာ၊ ဖျော်ဖြေတာတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။
သတင်း- လွင်မင်း (မျက်မှောက်ခေတ်)