စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မောက်လင်းအုပ်စု၊ ပြည်တော်သာကျေးရွာမှာ စိုက်ထူထားတဲ့ ပါတီဆိုင်းဘုတ်နှင့် ပါတီခေါင်းဆောင်ပုံတွေပါတဲ့ ဆိုင်းဘုတ်ကို နိုဝင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းက ကျေးရွာအုပ်စုကော်မရှင်ဉက္ကဌ၊ နယ်မြေရဲတပ်ဖွဲ့ဝင်နှင့် အထူးရဲတို့လာရောက်ကာ ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။ ပါတီအတွင်းရေးမှူးရဲ့နေအိမ် ခြံစည်းရိုးမှာ စိုက်ထူတားတဲ့ဆိုင်းဘုတ်ကို မဲဆွယ်ဆိုင်းဘုတ်နဲ့မှားပြီး ဖျက်မိတာဖြစ်ပြီး ကျေအေးပေးဖို့တောင်းပန်တဲ့အတွက် ချင်းဓလေ့အရ ကျေအေးပေးလိုက်တယ်လို့ ကလေးမြို့နယ် ပြည်သူ့ပါတီတာဝန်ရှိသူက ပြောပါတယ်။
“ကျွန်တော်လည်း သတင်းကြားတဲ့အချိန်မှာ သွားတယ်။ ဘာလို့လုပ်တာလဲဆိုတော့ အထက်ကခိုင်းလို့တဲ့။ ဘယ်အထက်ကလည်းဆိုတော့ မပြောနိုင်ဘူး။ သူတို့က မဲဆွယ်ဆိုင်းဘုတ်နဲ့ ပါတီဆိုင်းဘုတ်ကို ဆွဲဖျက်သွားတာ။ အဲ့အချိန်မှာ အိမ်မှာက အမျိုးသမီးတွေပဲ ရှိတယ်။ ဖျက်ခိုင်းတာက ရပ်ကျေးကော်မရှင်ဉက္ကဌ၊ ကိုယ်ထိလက်ရောက်ဖျက်တာက အထူးရဲကဖျက်တာ။ ပြန်တောင်းပန်လို့ ချင်းဓလေ့အရ ကျေအေးပေးလိုက်ပါတယ်။ ဒီကိစ္စကို ပါတီဗဟိုနှင့် တိုင်းကိုလည်း တင်ပြထားတယ်။ မြို့နယ်ကော်မရှင်ကိုလည်း အကြောင်းကြားထားတယ်။”လို့ မြို့နယ်ပါတီဉက္ကဌလည်းဖြစ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ် ၂ ကိုယ်စားလှယ်လောင်းလည်းဖြစ်တဲ့ ဦး ထန်ဆွင်းမုန်က ပြောပါတယ်။
အခုလို လာရောက်ဖျက်ဆီးလို့ ပါတီခေါင်းဆောင်တွေပုံပါတဲ့ ဗွီနိုင်းတစ်ချပ်၊ ပြည်သူ့ပါတီ စာတန်းပါ ပါတီဆိုင်းဘုတ်ဗွီနိုင်းတစ်ချပ်တို့ ဖျက်ဆီးခံရပြီး ပျက်စီးခဲ့ပါတယ်။ အခုလုပ်ရဲ့အပေါ်မှာ ပါတီအနေနဲ့ ကော်မရှင်ကို တရားဝင်ကန့်ကွက်သွားမယ်လို့ တိုင်းပါတီအတွင်းရေးမှူးကလည်း ပြောပါတယ်။
“ပါတီရပ်ကျေးဆိုင်းဘုတ်ကို အောင်နိုင်ရေး ဆိုင်းဘုတ်နဲ့ မှားဖျက်မိတာပါဆိုတာကိုတော့ လက်မနိုင်စရာဗျာ။ နောက်ဆုံး အောင်နိုင်ရေးဆိုင်းဘုတ်ဆိုရင်တောင် ကော်မရှင် ဥပဒေအရပဲ သွားလေ။ ဥပဒေအရ ဖျက်ဆီး ပိုင်ခွင့် မရှိဘူးလေ။ ပါတီတွေ ဥပဒေမဲ့လုပ်ရပ်မျိုး မဖြစ်ရလေအောင် ထိိန်းကျောင်းပေးရမယ် ကော်မရှင်ကိုယ်တိုင်က ဥပဒေချိုးဖောက် မင်းမဲ့စရိုက်ဆန်တော့ မကြိုက်ဘူး။ နားလည်ပေးလို့မရဘူး။ တိုင်းအဆင့်ကိုတော့ ပါတီကနေ တရားဝင် အသိပေးအကြောင်းကြားမယ်။”လို့ တိုင်းပါတီအတွင်းရေးမှူး ဦးအောင်နေမျိုးက ပြောပါတယ်။
ရွေးကောက်ပွဲကာလအတွင်း ကလေးမြို့နယ် ပြည်သူ့ပါတီအနေနဲ့ မဲဆွယ်စည်းရုံးရေးတွေလုပ်တဲ့အခါ လူမျိုးရေးအရ တိုက်ခိုက်ခံရတာတွေရှိသလို ကိုဗစ်ကြောင့် Stay at Home ကြေငြာတာတွေလည်းရှိလို့ မဲဆွယ်စည်းရုံးတာတွေကို အပြည့်အဝ လုပ်ဆောင်နိုင်တာ မရှိခဲ့တဲ့ အခက်အခဲတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြည်သူ့ပါတီအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၁၂ မြို့နယ်မှာ မဲဆန္ဒနယ်မြေ ၁၅ နေရာ ဝင်ရောက်ယှဉ်ပြိုင်ထားပါတယ်။
လွင်မင်း (မျက်မှောက်ခေတ်)