စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်တွင် နိုဝင်ဘာလ ၆ ရက်နေ့က ကျပ် ၂.၅၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ ရဲဇာနည် Facebook Page ကနေ သတင်းထုတ်ပြန်ပါတယ်။ ကြိုတင်ရရှိတဲ့ သတင်းအရ မူးယစ်ဆေးဝါးကာကွယ်တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေက ပုံတောင်နတ်ထိပ်ကျေးရွာအနီး ပုလဲ-ဂန့်ဂေါကားလမ်းမှာ စောင့်ဆိုင်းနေစဉ် ကားနှစ်စီးကို မသင်္ကာလို့ စစ်ဆေးရာကနေ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။ ပုန်းဆွမ်းဒါလ် (၃၅ နှစ်) မောင်းနှင်လာတဲ့ Dong Feng အမျိုးအစားမြေသယ်ယာဉ်ရဲ့ ကိုယ်ထည်ကြမ်းခင်းအံဝှက်အတွင်းမှာ ကာလတန်ဖိုး ကျပ် ၂.၅၃ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၁၅ ဒသမ ၂၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၃၅၆၀၀ ပြား တို့ကိုသိမ်းဆည်းရမိခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ ရှေ့ပြေးယာဉ်အဖြစ် SUPER CARRY အမျိုးအစား မော်တော်ယာဉ် မောင်းနှင်လာတဲ့ ကမ်းစွန်းခွါလ် (၂၆ နှစ်) နှင့် Dong Feng အမျိုးအစားမြေသယ်ယာဉ် မောင်းနှင်လာတဲ့ ပုန်းဆွမ်းဒါလ် (၃၅ နှစ်) တို့ကို မူးယစ်ဆေးဝါးဉပဒေတွေနဲ့ ဖမ်းဆီးအရေးယူနေတယ်လို့ သိရပါတယ်။
“မူးယစ်ဆေးဝါးဖမ်းဆီးရမိတာ ဟုတ်ပါတယ်။ မနေ့ကတည်းက ဖမ်းဆီးရမိတာပါ။ မူးယစ်တပ်ဖွဲ့က ဖမ်းဆီးတာဖြစ်ပါတယ်။”လို့ ပုလဲမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ကွင်းဆက်တရားခံတွေကိုလည်း ဖော်ထုတ်နေတယ်လို့ သိရပါတယ်။ အခုနှစ်အတွင်း ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ငွေကျပ်သိန်းပေါင်း ၇၇၀၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို မုံရွာ-ပုလဲ-ဂန့်ဂေါလမ်း ဝါးတန်းကျေးရွာအနီးမှာ ဖမ်းဆီးရမိခဲ့ပါသေးတယ်။ အဲဒီမူးယစ်ဆေးဝါးတွေက်လည်း မန္တလေးဖက်ကနေ ကလေး၊ တမူးဖက်ကို သယ်ဆောင်တာလို့ သိရပါတယ်။