စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ်အတည်ပြုလူနာဦးရေ ၄၀၀ ကျော်ရှိလာနေပြီဖြစ်ပါတယ်။ နိုဝင်ဘာလ ၄ ရက်နေ့မနက်ပိုင်းကလည်း ကိုဗစ်အတည်ပြုလူနာ ၁၃ ဦး ရောဂါပိုး ထပ်တိုးတွေ့ရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီက ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကိုင်းမြို့နယ်က ပိုးတွေ့လူနာတွေဟာ ပိုးတွေ့လူနာနဲ့ထိတွေ့ဆက်စပ်ခဲ့တဲ့ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၈ ဦးတို့ ဖြစ်ပါတယ်။
“အရင်အနံ့ပျောက်တဲ့အမျိုးသမီးက ကုတင် ၂၀၀ ဆေးရုံကိုလာပြရင်း Positive ဖြစ်လို့ သူနဲ့ထိတွေ့သူ ၁၃ ဦးကို စစ်ကိုင်း နှစ် ၇၀၀ အားကစားကွင်း Facility Quarantine Centre မှာထားတယ်။ မနေ့က အဲဒီ ၁၃ ဦးအပါအဝင် စစ်ကိုင်းမြို့မှာ Quarantine ဝင်တဲ့သူတွေကို စစ်ဆေးတဲ့အခါမှာ အရင်ပိုးတွေနဲ့ထိတွေ့သူ ၁၃ ယောက်ထဲက ၁၀ ဦးက ရောဂါပိုးတွေ့ရှိတာပါ။ သူတို့နဲ့ထိတွေ့သူတွေကို လိုက်လံရှာဖွေနေတယ်။ ပိုးတွေ့လူနာတွေက ကျန်းမာရေးကောင်းပါတယ်။”လို့ စစ်ကိုင်းမြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်ခိုင်ထွန်းကပြောပါတယ်။
စစ်ကိုင်းမြို့ ကုတင် ၂၀၀ ဆေးရုံမှာ ထားရှိပြီး ဆေးကုသမှုပေးသွားမှာဖြစ်ကာ ပိုးတွေ့လူနာ ၁၀ ဦးမှာ စစ်ကိုင်းမြို့ နန္ဒဝန်ရပ်ကွက်က ၇ ဦး၊ ပန်းပဲတမ်းရပ်ကွက်က ၂ ဦးနှင့် ကနတော်ကျေးရွာက ၁ ဦးတို့ဖြစ်ပါတယ်။
တန့်ဆည်မြို့နယ်က ပိုးတွေ့လူနာ ၁ ဦးမှာ ရန်ကုန်တိုင်းဒေသကြီးကနေ ပြန်လာသူဖြစ်ပြီး Quarantine ထားရှိတဲ့ ချောင်းဆုံ(တ) ကျေးရွာက အသက် ၁၉ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ဖြစ်ကာ ကျန်းမာရေးကောင်းမွန်လျက်ရှိပါတယ်။
ဒါ့အပြင် ဒီကနေ့ နံနက်ပိုင်းက မုံရွာမြို့ အားကစားကွင်း အတွင်းမှာ မုံရွာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ အခြား တိုင်းဒေသကြီးသို့ သွားရောက်မယ့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တွေမှာ COVID-19 ရောဂါ ရှိ/မရှိကို Nasal Swab ယူပြီး RDT test kit နဲ့ (50) ဦးအား စစ်ဆေးခဲ့ရာ ၂ ဦးအား ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
“သူတို့က ရန်ကုန်ဘက်ကနေ လာတာပေါ့။ ဒီကနေ ပြန်ထွက်မှာ။ ပြန်ထွက်ဖို့ ဆေးစစ်တာပေါ့။ ပိုးတွေ့တာပါ။ အယောက် ၅၀ ထဲက သူတို့နှစ်ယောက်ရောဂါပိုးတွေ့တာ။ ကျန်းမာရေးကတော့ ကောင်းပါတယ်။ ပိုးတွေ့နှစ်ယောက်ထဲက တစ်ယောက်ယာဉ်မောင်း၊ တစ်ယောက်က စံပါယ်ရာပါ။ သူတို့နှစ်ယောက်က ကနီမြို့နယ်က အမျိုးသားနှစ်ယောက်ပါ။”လို့ မုံရွာမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးအာကာမြင့်က ပြောပါတယ်။
အဲဒီပိုးတွေ့လူနာ ၂ ဦးကို မုံရွာတက္ကသိုလ်ဆေးရုံတွင် ထားရှိပြီး ဆေးကုသမှုပေးသွားမှာဖြစ်ပါတယ်။ အခုလက်ရှိစစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ်ပေါင်း ၂၇ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၄၀၄ ဦးရှိပြီး ယင်းထဲမှ ဆေးရုံမှ ဆင်းခွင့်ရသူ ၃၀၄ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။
သူရိယထက်