Home > သတင်း > ကျန်းမာရေး > တမူးမြို့ရှိ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်များ နိုဝင်ဘာလအကုန်အထိ ဆက်လက်ပိတ်ထား

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့မှာ ကိုဗစ်ကူးစက်မှုတိုးပွားလာတဲ့ အခြေအနေအရ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်တွေကို နိုဝင်ဘာလအကုန်အထိ ဆက်လက်ပိတ်ထားတယ်လို့ တမူးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းဦးက ပြောပါတယ်။ တမူးမြို့ရှိ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်တွေကို မြန်မာနိုင်ငံအစိုးရဘက်ကနေ ဧပြီ ၁၄ ရက်နေ့က စတင်ကာ အောက်တိုဘာလအကုန်အထိ ပိတ်ထားခဲ့ပြီးနောက် အခုတခါ နိုဝင်ဘာလအကုန်အထိ သက်တမ်းထပ်တိုး ပိတ်လိုက်တာဖြစ်ပါတယ်။

“ကျွန်တော်တို့ နယ်စပ်ဂိတ်တွေကို ဒီနေ့ပဲထပ်တိုးပိတ်ထားပါတယ်ဗျ။ တဖက်အိန္ဒိယနိုင်ငံမှာ ရောဂါပိုးတွေရှိတယ်။ ကျွန်တော်တို့ဆီကလဲ ရောဂါပိုးတွေ့သူတွေ ရှိနေတော့ ထပ်တိုးပိတ်လိုက်တာပါ။”လို့ ဦးကျော်ဝင်းဦးက ပြောပါတယ်။

တမူးမြို့မှာ နေထိုင်ကြတဲ့ လူဦးရေ ၆၀ ရာခိုင်နှုန်းလောက်က နယ်စပ်ကို အမှီပြု လုပ်ကိုင်စားသောက်နေကြတဲ့အတွက် အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်တွေ ပိတ်ထားမှုမှာ အချိန်ကာလကြာမြင့်လာတာနဲ့အမျှ ကုန်သွယ်မှုမပြုလုပ်ရတာကြောင့် ထိခိုက်မှုတွေရှိနေတယ်လို့လည်း ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ နယ်စပ်ဂိတ်ပိတ်ထားလို့ အရင်ဆုံးထိခိုက်နစ်နာနေတာက လက်လုပ်လက်စားတွေဖြစ်တယ်လို့လည်း နယ်စပ်ကုန်သွယ်ရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

“လုပ်ငန်းတွေ ဘာမှလုပ်လို့မရဘူး။ လူအသွားအလာ ဘာမှလုပ်လို့မရဘူး။ အားလုံးကတော့ အခက်အခဲတွေ ကြုံနေရတာပဲလေ။ နယ်စပ်ဂိတ်တွေပိတ်ထားတာကြာတော့ နည်းနည်းပိုပိုပြီးတော့မှ ကြပ်တည်းလာတာပေါ့ဗျာ။ လက်လုပ်လက်စားတွေရှိတယ်။ သူတို့ကလဲ ဒီအလုပ်လုပ်မှ စားလို့သောက်လို့ ရတာကိုး။ လက်လုပ်လက်စားတွေကတော့ ပထမဆုံး အရင်ဆုံး ထိခိုက်ဆိုးဝါးတာပေါ့။ စားဝတ်နေရေးကို ဒီနေ့လုပ်မှ ဒီနေ့စားရတဲ့သူတွေကတော့ ပိုပြီး ထိခိုက်တာပေါ့။ တခြားကုန်သည်တွေ၊ စျေးဆိုင်တွေကျတော့လဲ ဒီနယ်စပ်ကို မှီခိုပြီး စားသောက်နေကြတာဆိုတော့ နယ်စပ်ဂိတ်ပိတ်တာ ၈ လဝန်းကျင်အထိ ရောက်လာပြီ။ အဲတော့ ခံနိုင်ဝန်လဲ လျော့လာပြီပေါ့။ အရင်တုန်းကတော့ ၃ လ၊ ၄လနဲ့ ပြီးသွားမလားစောင့်ရင်းနဲ့ တစ်လတိုး၊ တစ်လတိုးဆိုတော့ အိန္ဒိယဘက်ကလဲ အခြေအနေကမကောင်းဘူးပေါ့။ အိန္ဒိယဘက်ကလဲ နယ်စပ်ဘက်အထိ ပိုးတွေ့သူ များများလာပြီလို့ သိရတယ်။ ကျွန်တော်တို့မြို့မှာ အရင်ကပိုးတွေ့လူနာမရှိဘူး။ အခုတော့ ပိုးတွေ့လူနာတွေရှိလာပြီ။ ဒါတွေကလဲ အိန္ဒိယနဲ့ဆက်စပ်ပြီးတော့ ဖြစ်တဲ့ကိစ္စတွေပေါ့။ ဒါတွေနည်းနည်းလေးတော့ စဉ်းစားခက်တယ်။ လုပ်ငန်းလဲ လုပ်ချင်ပေမယ့် အဓိကတော့ ကျန်းမာရေးပေါ့။ ဒါပြီး ရွေးကောက်ပွဲရှိတယ်ဆိုတော့ ရွေးကောက်ပွဲပြီးရင်တော့ နိုင်ငံတော်အစိုးရထံတင်ပြဖို့ စဉ်းစားထားပါတယ်။”လို့ တမူးနယ်စပ် ကုန်သွယ်ရေးအသင်း အတွင်းရေးမှူး ဦးခင်မောင်တင်က ပြောပါတယ်။

တမူးမြို့မှာ နှစ်နိုင်ငံနယ်စပ်ဂိတ်များပိတ်ထားတဲ့အတွက် နယ်စပ်ကို လူအများဖြတ်သန်း သွားလာခွင့်မပြုဘဲ ကုန်ပစ္စည်းခြင်းဖလှယ်တဲ့စနစ်နဲ့ စတင်ဖို့ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ပေးရန်အတွက် သြဂုတ်လ ၄ ရက်နေ့က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနဲ့ သွားရောက်တွေ့ဆုံကာ ဆွေးနွေးတင်ပြထားတယ်လို့ တမူးမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက ပြောပါတယ်။

တမူးမြို့မှာ နယ်စပ်အမှတ်(1)ဂိတ်အဝင် အကောက်ခွန်ရုံးအရှေ့မြေနေရာ (၁၀) ဧကကို ယာယီခြံစည်းရိုးခတ်၊ ကန့်သတ်ဧရိယာပြုလုပ်ပြီး ကုန်ပစ္စည်းတင်တဲ့ ကန့်သတ်ကုန်တင်ကားနဲ့ တာဝန်ရှိသူတွေကလွဲလို့ တခြားသူတွေကို ဝင်ရောက်ခွင့်မပြုဘဲ ကျန်းမာရေးဌာန ညွှန်ကြားချက်တွေနဲ့အညီ ကုန်ပစ္စည်းခြင်း ဖလှယ်တဲ့စနစ်နဲ့ စတင်နိုင်ရေး အကြံပြုခဲ့တယ်လို့လည်း သိရပါတယ်။

တမူးမြို့မှာ မြန်မာ-အိန္ဒိယနယ်စပ်ဂိတ် နှစ်ခုရှိပြီး အမှတ် ၁ ဂိတ်နဲ့အမှတ် ၂ ဂိတ်တို့ ဖြစ်ပါတယ်။ ဒါ့အပြင် အိန္ဒိယ- မြန်မာနယ်စပ်ကို ဖြတ်သန်းပြီး တရားမဝင် ဝင်ထွက်သွားလာမှုမပြုလုပ်ဖို့ တိုင်းအစိုးရက ထုတ်ပြန်ခဲ့ပြီးနောက် ဌာနဆိုင်ရာပေါင်းစုံပူးပေါင်းအဖွဲ့က စစ်ဆေးမှုတွေဆောင်ရွက်ခဲ့ရာ ဒီကနေ့အထိ လိုက်နာမှုမရှိသူ ၁၀ ဦးကို ဖမ်းဆီးအမှုဖွင့်အရေးယူထားပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀ (က) အရ မြို့နယ်တရားရုံးက ထောင်ဒဏ် ၆ လစီချထားတယ်လို့လည်း ဦးကျော်ဝင်းဦးက ပြောပါတယ်။

“အိန္ဒိယ-မြန်မာနယ်စပ်ကို ဖြတ်သန်းပြီး အိန္ဒိယနိုင်ငံဘက်ကို တရားမဝင် ဝင်ထွက်လာတာတွေမလုပ်ဖို့ တိုင်းအစိုးရအဖွဲ့က အမိန့်ထုတ်ပြန်ပြီးနောက် သွားလာရင်တော့ ကျွန်တော်တို့က သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူနေတာပါ။ ဒီအနေ့အထိ ၁၀ ယောက်ကို ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀ (က) အရ မြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၆ လစီချလိုက်တယ်။”လို့ ဦးကျော်ဝင်းဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး လေရှီး၊ လဟယ်၊ နန်းယွန်းနှင့် တမူးမြို့နယ်တွေက အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စုတွေမှာ အိန္ဒိယနိုင်ငံအတွင်းကို လူတစ်ချို့ ဝင်ထွက်သွားလာတာ၊ ကုန်စည်များ တင်သွင်းတာ၊ တင်ပို့တာတွေပြုလုပ်နေတဲ့အတွက် တမူးမြို့နယ် မြန်မာ-အိန္ဒိယ နယ်စပ်သံတံတားဂိတ်၊ အမှတ် ၁ ဂိတ်နဲ့အမှတ် ၂ ဂိတ် ပြန်လည်ဖွင့်လှစ်ခြင်းမပြုမီအချိန်အထိ တရားမဝင် ဝင်ထွက်သွားလာတာ၊ ကုန်စည်များ တင်သွင်းတာ၊ တင်ပို့တာတွေ မပြုလုပ်ဖို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က အောက်တိုဘာလ ၉ ရက်နေ့က တားမြစ်ထားတာပါ။

အဲဒီတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး ဤဒေသန္တရအမိန့်မှာ နောက်ထပ်အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသရွေ့ အတည်ဖြစ်စေရမယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ တမူးမြို့နယ်မှာ အောက်တိုဘာလအတွင်း ကိုဗစ်အတည်ပြုလူနာ ၁၉ ဦးရှိပြီး အဲဒီထဲက ရောဂါပျောက်ကင်းလို့ ဆေးရုံကနေ ဆင်းခွင့်ရသူ ၆ ဦးရှိတယ်လို့လည်း သိရပါတယ်။

သူရိယထက်

error: Content is protected !!