Home > သတင်း > စီးပွားရေး > ပင်လည်ဘူး၊ ဗန်းမောက်၊ ဝန်းသိုမြို့နယ်မှာ ကြေးနီနှင့် ဆက်စပ်သတ္တုရှာဖွေမည့်အပေါ် ဒေသခံတွေ လက်မှတ်ထိုးကန့်ကွက်နေ

ပင်လည်ဘူး၊ ဗန်းမောက်၊ ဝန်းသိုမြို့နယ်မှာ ကြေးနီနှင့် ဆက်စပ်သတ္တုရှာဖွေမည့်အပေါ် ဒေသခံတွေ လက်မှတ်ထိုးကန့်ကွက်နေ

Pan Aust ကုမ္ပဏီရဲ့ လက်အောက်ခံ Wantho Resources Co, ltd. ကနေ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဝန်းသို၊ ပင်လည်ဘူး၊ ဗန်းမောက် စတဲ့ မြို့နယ်တွေမှာ ဧက ၁၈၀၀၀၀ ကျော်ကို ကြေးနီနှင့် ဆက်စပ်သတ္တုတွေ ရှာဖွေစမ်းသပ်ဖို့အတွက် လုပ်ဆောင်နေတာပါ။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကလည်း ရှာဖွေစမ်းသပ်ခွင့်ကို မေလ ၂၅ ရက်နေ့ ရက်စွဲနဲ့ ခွင့်ပြုမိန့် ထုတ်ပေးထားပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံရေးသမားတွေ၊ ပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေ၊ ဒေသခံတွေကြားမှာ ဝေဖန်မှုတွေလည်း ရှိနေပြီး သက်ဆိုင်ရာ မြို့နယ် မြေစာရင်းဦးစီးဌာနတွေက တစ်လအတွင်း ကန့်ကွက်လွှာတွေ တင်သွင်းနိုင်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် စီမံကိန်းဧရိယာအတွင်းကျရောက်နေတဲ့ ပင်လည်ဘူး၊ ဝန်းသို၊ ဗန်းမောက် စတဲ့ဒေသခံတွေက လက်မှတ်ရေးထိုးကာ သက်ဆိုင်ရာမြို့နယ်တွေကို ကန့်ကွက်လွှာတွေ တင်သွင်းပေးပို့နေကြတာပါ။ဒီစီမံကိန်းနဲ့ပတ်သက်လို့ စက်တင်ဘာလ ၂၃ ရက်နေ့ကနေ အောက်တိုဘာလ ၂၃ ရက်အတွင်း ကန့်ကွက်လိုက ကန့်ကွက်နိုင်ကြောင်း ဗန်းမောက်မြို့နယ်မြေစာရင်းဦးစီးဌာနက စက်တင်ဘာလက ထုတ်ပြန်ထားပါတယ်။ စီမံကိန်းဧရိယာထဲမှာ ဗန်းမောက်မြို့နယ်အတွင်း Wantho Resources Co, ltd. ရဲ့ လုပ်ကွက် ၁ ဧရိယာအတွင်း ၃၂ ရွာနှင့် လုပ်ကွက် ၂ ဧရိယာအတွင်း ၂၃ ရွာ စုစုပေါင်း ကျေးရွာ ၅၅ ရွာပါရှိနေပြီး လတ်တလောမှာတော့ ၃၁ ရွာက ဒေသခံတွေရဲ့ ကန့်ကွက်ကြောင်း သဘောထားလက်မှတ်တွေကို လူမှုအဖွဲ့အစည်းတွေက ဦးဆောင်ကောက်ယူကာ မြို့နယ်မြေစာရင်းဦးစီးဌာနကို တင်ပြထားပါတယ်။ ကျန်နေသေးတဲ့ ကျေးရွာတွေကိုလည်း ဆက်လက်ကောက်ယူ ကန့်ကွက်သွားမယ်လို့ ဦးဆောင်သူတစ်ဦးက ပြောပါတယ်။“ဒေသခံတွေက ဒီတောတောင်တွေကိုပဲ အမှီပြုပြီး နေထိုင်စားသောက် လုပ်ကိုင်ကြရတယ်။ အရင်ကလည်း သစ်ထုတ်တာ၊ ရွှေတူးတာတွေကြောင့် ပတ်ဝန်းကျင်ပျက်စီးခဲ့ပြီးပြီ။ အဲဒီဒဏ်တွေကို အခုခံစားနေကြရပြီ။ တချို့နေရာတွေမှာဆိုရင် ဉပမာ ထာဝရကုမ္ပဏီတို့၊ မြတ်နိုးသူကုမ္ပဏီတို့လုပ်နေတဲ့ နေရာတွေဆိုရင် ဒေသခံတွေမှာ မှိုရှာမျှစ်ချိုးတောင် သွားလို့အဆင်မပြေတော့ဘူး။ တားမြစ်ခံနေရတယ်။ တောတောင်တွေအမှီပြုပြီး လုပ်ကိုင်နေရာတာဖြစ်လို့ ဒါတွေမရှိရင် ဒေသခံတွေအသက်ရှင်ရပ်တည်ရေးက အဆင်မပြေနိုင်ဘူး။ ဒါကြောင့် ဒီထက်မဆိုးလာဖို့ ကန့်ကွက်ကြရတာပါ။ ဒီကုမ္ပဏီမှ အဟုတ်ဘူး ကျန်တဲ့ ဘယ်အကြီးစားလုပ်ငန်းပဲဖြစ်ဖြစ် ကန့်ကွက်သွားမှာပါ။”လို့ နိစ္စဓူဝပညာရေးအဖွဲ့မှ ဦးမင်းမင်းစိုးက ပြောပါတယ်။ဝန်းသိုမြို့နယ်ကလည်း ဝန်းသို ၂ စီမံကိန်းဧရိယာအတွင်းမှာ ကျေးရွာအုပ်စု ၁၀ အုပ်ထက်မနည်းပါဝင်နေပြီး ဧရိယာ ၄၁၀၀၀ ကျော်ရှိပါတယ်။ မြို့နယ်မြေစာရင်းက ကန့်ကွက်လွှာကို စက်တင်ဘာလ ၁၆ ရက်နေ့ကနေ အောက်တိုဘာလ ၁၆ ရက်နေ့ထိ ခေါ်ယူခဲ့ပြီး ဒေသခံတက်ကြွလှုပ်ရှားသူတွေကတော့ စက်တင်ဘာလကုန်မှာ ကျေးရွာအသီးသီးရဲ့ ကန့်ကွက်လွှာတွေကို မြို့နယ်မြေစာရင်းကို ပေးပို့ထားပါတယ်။“ကျွန်မတို့က ကျွန်မတို့ရဲ့ ဒေသအတွက် ရေရှည်ကို ကြည့်ပြီးကန့်ကွက်နေတာပါ။ ဒီတောတောင်တွေက ကျွန်မတို့ဒေသခံတွေရဲ့ အဓိက အသက်သွေးကြောဖြစ်တယ်။ ဒီတောတောင်တွေပျက်စီးသွားရင် ကျွန်မတို့ ဘဝပျက်ပြီလို့ ပြောလို့ရတယ်။ ဒါကြောင့် ကိုယ့်အသိနဲ့ကိုယ် ကန့်ကွက်ရတာပါ။ အခုလို ကန့်ကွက်တာကိုလည်း မြို့နယ်အဆင့်တင် ပြီးမသွားစေချင်ဘူး။ အထက်အဆင့်ဆင့်ကို သိစေချင်တယ်။ သူတို့ရဲ့ လုပ်ဆောင်မှုအပေါ်ကြည့်ပြီး လုပ်သင့်တာတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ။”လို့ ဝန်းသိုမြို့နယ်မှ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ မမိုးအိစံကလည်း ပြောပါတယ်။ပင်လည်ဘူးမြို့နယ်မှာလည်း မြို့နယ်မြေစာရင်းက ကန့်ကွက်လွှာတွေကို စက်တင်ဘာလ ၂၈ ရက်နေ့က အောက်တိုဘာလ ၂၈ ရက်နေ့အတွင်း တင်သွင်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ စီမံကိန်းဧရိယာဧက စုစုပေါင်း ၉ သောင်းကျော်ရှိပြီး ကျေးရွာအုပ်စု ၁၃ အုပ်စုထက်မနည်းရှိပြီး လူဦးရေ ၈ ထောင်နီးပါးက ကန့်ကွက်ထားပါတယ်။ ကျန်နေသေးတဲ့ ကျေးရွာတွေကိုလည်း ကန့်ကွက်လွှာတွေ ဆက်လက်ပို့ဆောင် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။“ဒီစီမံကိန်းကို မလုပ်စေချင်ဘူး။ ဒေသခံတွေက လူဦးရေတိုးပွားလာဦးမှာ။ အဲဒီအတွက် နောက်ထပ်လိုအပ်လာမယ့် စိုက်ပျိုးမြေတွေ၊ စားကျက်မြေတွေလိုအပ်လာဦးမှာ။ နောက်ပြီးတော့ တောသူတောင်သားတွေဖြစ်တဲ့အတွက် ဒီတောတောင်တွေကို မှီပြီးတော့ အသက်ရှင်ရပ်တည်ရေးအတွက် စိုက်ပျိုးလုပ်ကိုင်ရတယ်။ သဘာဝကပေးတဲ့ ဆေးမြစ်၊ သစ်ဉသစ်ဖု၊ အစားသောက်တွေကို မှီတည်နေရတဲ့အခါကျတော့ စီမံကိန်းကြောင့် ဒါတွေပျက်စီးလာရင် ကျွန်တော်တို့ရဲ့ မျိုးဆက်တွေအတွက် ကျန်နေအောင်လို့ အခုလို ကန့်ကွက်တာပါ။”လို့ ပင်လည်ဘူးဒေသခံ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး ကုမ္ပဏီကို DVB က ဆက်သွယ်မေးမြန်းခဲ့ဖူးပါတယ်။ ကုမ္ပဏီကတော့ ကြေးနီနှင့် ဆက်စပ်သတ္တုတွေကိုပဲ ရှာဖွေမှာဖြစ်ပြီး စစ်ကိုင်းတိုင်းမြောက်ဖက်မှာ ရရှိထားတဲ့ ဧရိယာ အကျယ်အဝန်းစုစုပေါင်းက ၁၅၀၀ စတုရန်းကီလိုမီတာဖြစ်ပါတယ်။ သတ္ထုရှိနိုင် မရှိနိုင် စူးစမ်းရှာဖွေတဲ့နည်းကတော့ဒေသတွင်းမှာရှိတဲ့ မြစ်ချောင်းအင်းအိုင်တွေက အနယ်အနှစ် တွေနဲ့မြေသားနမူနာရယူခြင်းနည်းလမ်းတွေ၊ ကျောက်ခဲအပဲ့အပြားလေးတွေ နမူနာကောက် ယူတာ၊ မြေပြင်အနေအထားဆာဗေးတိုင်တာတာ၊ ဝေဟင်မှ ဆာဗေးတိုင်တာတာ၊ တချို့သော သတ်မှတ်ထားတဲ့နေရာအဝန်းအဝိုင်းလေးတွေမှာ အနည်းငယ်စမ်းသပ်မြေတူးတာ စတာတွေကို လုပ်ဆောင်သွားမှာဖြစ်ကာ မည်သို့သောသတ္ထုကိုမှ စီးပွားဖြစ်ထုတ်ရန် တူးဖော်တာမျိုး မရှိတဲ့အပြင် ဒီလုပ်ရပ်တွေအားလုံးဟာ သဘာဝပတ်ဝန်းကျင်နဲ့နေထိုင်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုတွေကို ထိခိုက်မှု မရှိသလောက်ကိုနည်းတယ်လို့လည်း ဖြေဆိုထားပါတယ်။ဒေသခံတွေကတော့ အခုလို ကန့်ကွက်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး လက်ရှိကန့်ကွက်ထားတာတွေကလည်း ထူးခြားမှုမရှိရင် တခြားနည်းလမ်းမျိုးစုံနဲ့ ဆက်လက်ကန့်ကွက်သွားမယ်လို့လည်း သိရပါတယ်။

လွင်မင်း (မျက်မှောက်ခေတ်)

error: Content is protected !!