Home > သတင်း > နိုင်ငံရေး > နှင်းဆီပါတီကို မဲပေးရင် ပယ်မဲအဖြစ်သတ်မှတ်မယ်လို့ UEC ကြေငြာ

နှင်းဆီပါတီကို မဲပေးရင် ပယ်မဲအဖြစ်သတ်မှတ်မယ်လို့ UEC ကြေငြာ

နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP)ကို မဲပေးမိရင် အဲဒီမဲလက်မှတ်ကို ပယ်မဲအဖြစ် သတ်မှတ်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က အောက်တိုဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ကြေငြာထားပါတယ်။ ပါတီဉက္ကဌ ဦးကျော်မြင့်ကို ထောင်ပြေးမှု၊ ငွေကြေးခဝါချမှု စတာတွေနဲ့ ဖမ်းဆီးပြီးနောက်ပိုင်း ပါတီကိုလည်း နိုင်ငံရေးပါတီမှား မှတ်ပုံတင်ခြင်းဉပဒေ၊ နည်းဉပဒေတွေကို ချိုးဖောက်တဲ့အတွက် နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖျက်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၇ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ အခုလို နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖျက်လိုက်တာကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကလည်း ရွေးကောက်ခံပိုင်ခွင့် ဆုံးရှုံးသွားပြီဖြစ်ကာ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကလည်း ညီညွတ်သော ဒီမိုကရက်တစ်ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကို ကိုယ်စားလှယ်လောင်း အမည်စာရင်းကနေ ပယ်ဖျက်ဖို့ညွှန်ကြားထားပါတယ်။

လက်ရှိမှာ ရွေးကောက်ပွဲကလည်း နီးကပ်လာပြီဖြစ်တာကြောင့် ဆန္ဒမဲလက်မှတ်တွေကိုလည်း သက်ဆိုင်ရာဒေသအသီးသီးကို ဖြန့်ဝေနေပြီး ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ရဲ့ ကိုယ်စားလှယ်လောင်း အမည်မပါတဲ့ မဲဆန္ဒလက်မှတ်တွေကို အသစ်ထပ်မံရိုက်နှိပ်ဖို့ မဖြစ်နိုင်တော့တာ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က အဲဒီပါတီကိုယ်စားလှယ်လောင်းတွေရဲ့ အမည်၊ တံဆိပ်ပါတဲ့နေရာတွေကို မှင်နီနဲ့ ပယ်ဖျက်ဖို့ အချိန်မလုံလောက်တော့တာ၊ ကြိုတင်မဲတွေ စတင်ကောက်ခံနေတာ စတဲ့အကြောင်းတွေကြောင့် အရင်ဖြန့်ဝေထားတဲ့ ဆန္ဒမဲလက်မှတ်အတိုင်း ထားရှိသွားမယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒါ့အပြင် မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ကြိုတင်မဲဖြစ်ဖြစ်၊ မဲရုံမှာ ပေးတဲ့အခါဖြစ်ဖြစ် မဲပေးတဲ့အခါ ပါတီအဖြစ်ကနေ ပယ်ဖျက်ထားတဲ့ နှင်းဆီပါတီရဲ့ ကိုယ်စားလှယ်လောင်းနေရာတွေမှာ မဲမပေးနိုင်တော့ဘဲ မဲပေးခဲ့ရင် ပယ်မဲအဖြစ် သတ်မှတ်မယ်လို့ ကြေငြာထားပါတယ်။ ဒီကြေငြာချက်တွေကိုလည်း ကော်မရှင်အဆင့်ဆင့်ရုံးတွေမှာ မဲရုံတွေမှာ အများမြင်သာအောင် ကပ်ထားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP) ခေါ် နှင်းဆီးပါတီက လာမယ့်ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအနေနဲ့ ကိုယ်စားလှယ်လောင်းဦးရေ ၁၁၃၁ ဦးဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးသွင်းထားတယ်လို့လည်း သိရပါတယ်။

မျက်မှောက်ခေတ်

error: Content is protected !!