Home > သတင်း > ဒေသတွင်းသတင်း > ရွှေဘိုမြို့နယ်အတွင်း မူးလမ်းခင်းရာမှာ လမ်းဘေးသစ်ပင်တွေ ခုတ်မယ့်အပေါ် ဒေသခံတွေ ကန့်ကွက်နေ

ရွှေဘိုမြို့နယ်အတွင်း မူးလမ်းခင်းရာမှာ လမ်းဘေးသစ်ပင်တွေ ခုတ်မယ့်အပေါ် ဒေသခံတွေ ကန့်ကွက်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်ရှိ ရွှေဘို-မုဆိုးခြုံမြောင်းခွဲ မူးလမ်းကို JICA အကူအညီနဲ့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနကနေ ကျောက်ချောလမ်းခင်းတာကို ပြုလုပ်နေတာပါ။ လမ်းအရှည် ၁၃ မိုင်ခန့်၊ အကျယ် ၁၈ ပေခန့်ရှိပြီး AIIP စီမံကိန်းအရ ကုန်ထုတ်လမ်း၊ ဘက်စုံလမ်းအဖြစ် ကျောက်ချောလမ်းခင်းနေတာပါ။ အခုလို လမ်းခင်းရာမှာ လမ်းနယ်နိမိတ်နဲ့ မလွတ်ကင်းတဲ့ လမ်းဘေးသစ်ပင်တွေကို ဖယ်ရှားခုတ်ရှင်းမှာနဲ့ပတ်သက်ပြီး ဒေသခံတွေက ကန့်ကွက်မှုတွေ ရှိနေတာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံကတော့ သစ်ပင်ခုတ်မယ့်ကိစ္စကတော့ သူတို့နဲ့ မဆိုင်ဘဲ သစ်တောနဲ့သာ သက်ဆိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ခုတ်မယ့်သစ်ပင်တွေမှာ အမှတ်အသားတွေ လုပ်နေပြီး တစ်ချို့နေရာတွေမှာတော့ ဖယ်ရှားရှင်းလင်းတာတွေ လုပ်နေပြီဖြစ်ပါတယ်။ မြို့နယ်သစ်တောကလည်း ကွင်းဆင်းစစ်ဆေးနေတယ်လို့ သစ်တောဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

“မြို့နယ်သစ်တောကို စစ်ဆေးခိုင်းထားတယ်။ အဲဒါပြီးရင်တော့ အသေးစိပ်ပြောလို့ရမှာပါ။ မနက်က သွားစစ်နေတယ်။ ပြန်မတင်သေးဘူး။”လို့ ရွှေဘိုခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြဝင်းကောင်းက ပြောပါတယ်။

လမ်းနဲ့မလွတ်ကင်းတဲ့ သစ်ပင်အများစုက သက်တမ်းရင့် တမာပင်တွေက အများဆုံးဖြစ်ပါတယ်။ အပင်အရေအတွက်ဘယ်လောက်ရှိတယ်ဆိုတာတော့ မသိရသေးပါဘူး။ ဒီလမ်းစီမံကိန်းအတွက် သုံးစွဲငွေ ပမာဏ ဘယ်လောက်ရှိတယ်ဆိုတာလဲ မသိရသေးပါဘူး။ ဒေသခံတွေအနေနဲ့ကတော့ အခုလို သစ်ပင်ခုတ်တာကို ကန့်ကွက်ရတာက မိုးခေါင်ပူပြင်းတဲ့ ဒေသဖြစ်တဲ့အတွက် သစ်ပင်တွေ မရှိရင် ပိုပြီး ပူပြင်းခြောက်သွေ့လာမှာကို စိုးရိမ်လို့ ကန့်ကွက်ရတာလို့ဆိုကြပါတယ်။

လမ်းဘေးသစ်ပင်တွေခုတ်မှာနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းအတွင်းက မုံရွာ-သာစည်-‌နောင်ကြီးအိုင်လမ်း၊ ကလေးမြို့ဝင်လမ်း စတဲ့ဒေသတွေမှာလည်း ကန့်ကွက်မှုတွေရှိခဲ့ပြီး နောက်ဆုံးမှာတော့ မလွှဲမရှောင်သာ ခုတ်ရမယ့်သစ်ပင်ကလွဲလို့ ကျန်တာတွေ မခုတ်ဘဲနဲ့ လမ်းခင်းတာတွေလည်း ရှိခဲ့ပါတယ်။

လွင်မင်း (မျက်မှောက်ခေတ်)

error: Content is protected !!