Home > သတင်း > ကျန်းမာရေး > စစ်ကိုင်းမြို့မှာ NLD ပါတီဝန်းရံသူတွေက အင်အားပြ လှည့်လည်စဉ် မိသားစုတစ်စုက လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြ

စစ်ကိုင်းမြို့မှာ NLD ပါတီဝန်းရံသူတွေက အင်အားပြ လှည့်လည်စဉ် မိသားစုတစ်စုက လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့မှာ NLD ပါတီဝန်းရံသူတွေက အင်အားပြ မဲဆွယ်စည်းရုံးရေးယာဉ်တန်းနဲ့ မြို့တွင်း လှည့်လည်နေစဉ်မှာ ဆွမ်းချက်ရက်ကွက်အရောက်မှာ မိသားစုတစ်စုက ယာဉ်တန်းကို ဆန့်ကျင် ဆန္ဒပြမှု အောက်တိုဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက ဖြစ်ပေါ်ခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်ရာမှာ “သားတို့ ကိုဗစ်ကိုကြောက်လို့ မဲဆွယ်တာတွေ ရပ်ဆိုင်းပေးပါ”၊ “သားတို့ အနာဂတ်အတွက် ရောဂါမဖြစ်အောင် မဲဆွယ်တာတွေ ရပ်ဆိုင်းပေးပါ”၊ “သားတို့ ကျန်းမာရေးအတွက် မဲဆွယ်တာတွေ ရပ်ဆိုင်းပေးပါ”၊ “လူစုလူဝေးဖြင့် မဲဆွယ်စည်းရုံးခြင်း Stop- ရပ်” စတဲ့စာသားတွေပါတဲ့ ပိုစတာတွေကိုကိုင်ဆောင်ပြီး NLD ပါတီက အင်အားပြ မဲဆွယ်စည်းရုံးရေး လှည့်လည်စဉ်မှာ ကန့်ကွက်ခဲ့တာပါ။

“ကိုဗစ် ၁၉ ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ မဲဆွယ်စည်းရုံးနေတာတွေက လူစုလူဝေးဖြစ်နေတယ်။ လူစုလူဝေးတောင်မှ အများကြီးဖြစ်နေတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့လည်း မညီညွှတ်ဘူး။ ကားပေါ်မှာ လူတွေညှပ်သပ်အောင်တင်တယ်။ ကားတွေ၊ ဆိုင်ကယ်တွေ၊ ယာဉ်တန်းတွေကလည်း ကျန်းမာရေးက ညွှန်ကြားထားတဲ့ ၆ ပေ ကွာမနေဘူး။ Mask တွေကိုလည်း မေးစေ့တွေကိုပဲ တပ်ထားတာ။ ပြည်သူလူထုရဲ့ ကျန်းမာရေးကို ငဲ့ညာသောအားဖြင့် ကျွန်တော်တို့အနေနဲ့ ရပ်တန့်ပေးဖို့ တောင်းဆိုရတာပါ။”လို့ ဦးဆောင် ဆန္ဒပြ ထုတ်ဖော်ခဲ့သူ ကိုအောင်မြတ်လင်းက ပြောပါတယ်။

ဆန္ဒဖော်ထုတ်ရာမှာ သူတို့ရဲ့မိသားစုတစ်စုကနေ တောင်းဆိုခဲ့တာပါ။ အခုလို ဆန္ဒဖော်ထုတ်ဖို့ကို သက်ဆိုင်ရာကိုစာမတင်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က လာရောက်ပြောဆိုတာတွေလည်း ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရောက်လာချိန်မှာ ဆန္ဒဖော်ထုတ်တာက ပြီးသွားပြီဖြစ်လို့ နောက်နောင် အခုလို လုပ်ဆောင်မယ်ဆိုရင် ငြိမ်းစုစီတင်ပြီးမှ လုပ်ဆောင်ဖို့ ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။ အခုလို အင်အားပြလှည့်လည်တာကိုတော့ ကောင်းမှုတော်ဘုရားဝန်းကျင်က ဝန်းရံပြည်သူတွေ ဦးဆောင်လှည့်လည်ခဲ့တာဖြစ်ပြီး ကားအစီးရေ ၈ စီးထက်မနည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကိုင်းမြို့မှာပဲ ယာဉ်တန်းနဲ့ အင်အားပြလှည့်လည်တဲ့ NLD ပါတီဝန်းရံသူတွေကို စစ်ကိုင်းမြို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ SERT ကနေ နောက်ကလိုက်ပြီး ပိုးသတ်ဆေးဖျန်းတာတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။

အခုလို လူစုလူဝေးနဲ့ မဲဆွယ်လှည့်လည်တာတွေကို မလုပ်ဆောင်ဖို့ကိုလည်း NLD ပါတီဗဟိုက ပြည်သူလူထုကို မေတ္တာရပ်ခံထားပါတယ်။ ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့က ထုတ်ပြန်ချက်ထဲမှာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ပါဝင်ဆောင်ရွက်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေနဲ့အညီ ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

သူရိယထက်

error: Content is protected !!