Home > သတင်း > ဒေသတွင်းသတင်း > ပြည်ခိုင်ဖြိုးပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပယ်ဖျက်

ပြည်ခိုင်ဖြိုးပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပယ်ဖျက်

စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေ အမှတ် ၄ ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ကိုယ်စားလှယ်လောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ပယ်ဖျက်လိုက်တယ်လို့ စစ်ကိုင်းတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သိရပါတယ်။ ကိုယ်စားလှယ်အဖြစ်က ပယ်ဖျက်ခံရသူက ဦးအောင်မောင်းဆိုသူဖြစ်ပြီး ဒုတိယညွှန်ကြားရေးမှုးချုပ်အငြိမ်စားတစ်ဦးဖြစ်ကာ ပင်စင်ခံစားခွင့်ကာလကျန်နေသေးတဲ့အတွက် ပယ်ဖျက်ရတာလို့ တိုင်းရွေးကော်တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။  

“အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရပ်စဲလိုက်တယ်။ ပြည်ခိုင်ဖြိုးပါတီက ကန့်ဘလူမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း အရွေးခံတဲ့သူပါ။ သူက အရင်တုန်းကတော့ စီးပွာရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒုညွှန်ကြားရေးမှူးချုပ်ပါ။ ပြည်ခိုင်ဖြိုးပါတီက အရွေးချယ်ခံတာပါ။ ပင်စင်ရပြီးပြီဆိုပြီး လျှောက်လွှာတင်တာ။ ပြန်စစ်လိုက်တော့ ခံစားခွင့် ၄ လ ခံစားနေတဲ့သူဖြစ်တယ်။ ဒါကြောင့် သူကဝန်ထမ်းပဲ ဖြစ်နေသေးတာကိုး။ ပင်စင်မကျသေးဘူး။ အဲဒါကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ ပြန်ပယ်လိုက်တာပါ။ မနေ့က ကျွန်တော်တို့ဆီ အကြောင်းကြားလာတယ်။ ကျွန်တော်တို့က သက်ဆိုင်ရာကော်မရှင်ကိုလဲ အကြောင်းကြားပြီး မဲလက်မှတ်ကိုပယ်ဖျက်ရမှာပေါ့။”လို့ စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်မြေ ၁၂၃ ခု နှင့်တိုင်းရင်းသားကိုယ်စားလှယ်မဲဆန္ဒနယ်မြေ ၂ ခု စုစုပေါင်း မဲဆန္ဒနယ်မြေ ၁၂၅ခုမှာ ပါတီပေါင်း ၁၇ ခုက လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၅၂ဦး၊ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၃ ဦး စုစုပေါင်း ၆၈၅ ဦး ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အတည်ပြုထားပေမယ့် အခုအခါ စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုစားလှယ်လောင်း ၆၈၄ ဦးရှိတယ်လို့လည်း သိရပါတယ်။ စစ်ကိုင်းတိုင်းမှာ ကိုယ်စားလှယ်လောင်း ပယ်ချက်တာက ပထမဆုံးလည်း ဖြစ်ပါတယ်။

ကန့်ဘလူမြို့နယ်မှာ လာမယ့်အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၇ ခု၊ တစ်သီးပုဂ္ဂလ ၁ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်သူလွှတ်တော်နေရာက တစ်သီးပုဂ္ဂလ ၁ တစ်ဦးအပါအဝင် နိုင်ငံရေးပါတီ ၆ ပါတီက ကိုယ်စားလှယ်လောင်း ၆ ဦး၊ အမျိုးသားလွှတ်တော်နေရာ ၃ ဦးနှင့် တိုင်းဒေသကြီးမဲဆန္ဒနယ်မြေ ၁ နေရာက ၆ ဦး၊ တိုင်းဒေသကြီးမဲဆန္ဒနယ်မြေ ၂ နေရာက ၄ ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ လာမယ့် အထွေထွေရွေးကောက်ပွဲအတွက် ကန့်ဘလူမြို့နယ်မှာ ဆန္ဒမဲပေးခွင့်ရှိသူ ၂၂၇၀၀၀ ဝန်းကျင်ရှိပြီး မဲရုံပေါင်း ၂၀၃ ရုံဖွင့်လှစ်သွားမယ်လို့လည်း ကန့်ဘလူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။ ၂၀၂၀ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

ပိုတေး

error: Content is protected !!