Home > သတင်း > ကျန်းမာရေး > မန္တလေးမြို့တွင် နိုင်ငံတော် အရေးပေါ်ရိက္ခာဆန်တစ်ပြည် ၁၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချ

မန္တလေးမြို့တွင် နိုင်ငံတော် အရေးပေါ်ရိက္ခာဆန်တစ်ပြည် ၁၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချ

မန္တလေးမြို့တွင် ပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရန် နိုင်ငံတော် အရေးပေါ်ရိက္ခာ ဆန်တပြည် ၁၀၀၀ ကျပ်နှုန်းနဲ့ အောက်တိုဘာလ ၇ ရက်နေ့ကနေ စတင်ကာ ရောင်းချပေးနေတယ်လို့ မန္တလေး ဆန်၊ စပါးကုန်စည်ဒိုင်က သိရပါတယ်။ မန္တလေးတိုင်း စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးဆန်၊ စပါးကုန်စည်ဒိုင်၊ မန္တလေးတိုင်း ဆန်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။ ကိုဗစ်ကာလ ပြည်သူတွေ စျေးနှုန်းသက်သာစွာနဲ့ အလွယ်တကူ ဝယ်ယူစားသုံးနိုင်ရန် နိုင်ငံတော် အရေးပေါ်ရိက္ခာဆန်တွေကို လှည့်လည်ရောင်းချပေးမှာဖြစ်ပြီး ရောင်းချတဲ့ ဆန်က နွေးစပါး ရက် ၉၀ ဆန်တွေဖြစ်ပါတယ်။ အပြင်ပေါက်စျေးထက် လျော့နည်း ရောင်းချပေးတာကြောင့် ဝယ်လိုအားများတယ်လို့လည်း မန္တလေးဆန်၊ စပါးကုန်စည်ဒိုင် တာဝန်ရှိသူက ပြောပါတယ်။ “မန္တလေးမြို့နေရာအနှံ့မှာရောင်းချပေးနေပါတယ်။ စားသုံးသူတွေ အဆင်ပြေစေရေးအတွက် အမြတ် အစွန်းမယူပဲ ပရဟိတစိတ်နဲ့ ရောင်းချပေးနေတာပါ။ နိုင်ငံတော် အရေးပေါ်ရိက္ခာဆန်တွေကို ပို့ကုန် သမားတွေ သွင်းထားတဲ့ ဆန်တွေပါ။ နွေမှာပေါ်ထားတဲ့ ရက် ၉၀ ဆန်တွေပါ။ တစ်ပြည် ကျပ် ၁၀၀၀ နှုန်း တစ်အိတ် ကျပ် ၂၄၀၀၀ နဲ့ ရောင်းပေးပါတယ်။ တစ်ဦးချင်းကို တပြည်ကနေ တစ်အိတ် လိုသလောက် ရောင်းပေးပါတယ်။ မန္တလေးမှာ Stay at Home မြို့နယ်အတွင်းက လူတွေ ဆို လိုသလောက် ရောင်းပေးလိုက်ပါတယ်။ လှူဒါန်းမယ့် သူတွေဆို လိုသလောက် ရောင်းချပေးပါတယ်။ ဒီနေ့စရောင်းတာကတော့ နိုင်တောင်မနိုင် ဝယ်လိုအားများပါတယ်။ အစိုးရက တစ်အိတ်ကို ကျပ်၂၂၈၀၀ နှုန်းနဲ့ ရောင်းပေးတာကို အသင်းအနေနဲ့ ပြန်ရောင်းပေးတာပါ။ ကျောက်ဆည် ဂိုဒေါင် ကသယ်ယူစရိတ် အလုပ်သမားစရိတ် ရှိတာတော့ တစ်အိတ် ၂၄၀၀၀ နှုန်းရောင်းပေးပါတယ်။ ”လို့ မန္တလေး ဆန်စပါးကုန်စည်ဒိုင် ဥက္ကဌ ဦးကျော်ကျော်နိုင်က ပြောပါတယ်။

မန္တလေးမြို့ရှိ stay at home မြို့နယ်တွေ အပါအဝင် မြို့နယ်တိုင်းမှာ ဆန်လက်လီအရောင်းဆိုင် ၃၇ ဆိုင်မှာလည်း ဝယ်ယူနိုင်ပြီး၊ ကားတွေနဲ့ လှည့်လည်ရောင်းချပေးနေတာတွေလည်း ရှိနေပါတယ်။ စီးပွားရေးနှင့် ကူးသန်းဝန်ကြီးဌာန အနေနဲ့ ပို့ကုန် ဆန်ကုန်သည်ကြီးတွေထံက ဝယ်ယူထားတဲ့ နိုင်ငံတော် အရေးပေါ်ရိက္ခာဆန်တွေကို ဂိုဒေါင်ထဲက အဟောင်းတွေကို ပြန်လည် ထုတ်ရောင်းပေးတာဖြစ်ပြီး လာမယ့် မိုးစပါးရာသီမှာ အသစ်ပြန်လည် ဝယ်ယူဖြည့်တင်းနိုင်ဖို့ အခုလို ရောင်းချပေးတာဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အရေးပေါ်ရိက္ခာဆန် တန်ချိန် ၅၀၀၀၀ ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာ ပိုင် ဆန်ဂိုဒေါင်တွေမှာ သိုလှောင်ထားပြီး ကာလကြာရှည်လာရင် ပျက်စီးမှု ရှိနိုင်တာကြောင့် အဟောင်းထုတ်ရောင်း အသစ်သိုလှောင်နိုင်ရေး ရောင်းချပေးတာဖြစ်တယ်လို့လည်း သိရပါတယ်။

ရွှေနွယ်ကြိုး

error: Content is protected !!