Home > သတင်း > တိုင်းရင်းသားကဏ္ဍ > ကနန်းလူမျိုး တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးစိန်လွင်နဲ့ လာမယ့်ရွေးကောက်ပွဲအပေါ် အမြင်သဘောထား တွေ့ဆုံမေးမြန်းခြင်း။

ကနန်းလူမျိုး တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးစိန်လွင်နဲ့ လာမယ့်ရွေးကောက်ပွဲအပေါ် အမြင်သဘောထား တွေ့ဆုံမေးမြန်းခြင်း။

၂၀၂၀ ပြည့်နှစ်၊ မြန်မာနိုင်ငံရဲ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ ထုတ်ပြန်ကြေငြာထားပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီပေါင်း ၉၂ ပါတီက ကိုယ်စားလှယ်တွေအပါအဝင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၂၈၀ ဦး၊ စုစုပေါင်း ကိုယ်စားလှယ်ဦးရေ ၆၆၈၉ ဦး သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ပါဝင်ယှဉ်ပြိုင်ကြမှာပါ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာလည်း တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၃၃ ဦး၊ နိုင်ငံရေးပါတီပေါင်း ၁၇ ပါတီတို့က ကိုယ်စားလှယ်လောင်းတွေအပါအဝင် စုစုပေါင်း ၆၈၅ ဦးဝင်ပြိုင်ကြမှာပါ။ လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံရေးအတွေ့အကြုံရှိတဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေအပြင် အတွေ့အကြုံနုနယ်သေးတဲ့ ဌာနေတိုင်းရင်းသားကိုယ်စားပြု လူငယ် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေလည်း ရှိနေပါတယ်။ အဲဒီကိုယ်စားလှယ်လောင်းတွေထဲက ဗန်းမောက်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် လူငယ်တစ်ဦးဖြစ်တဲ့ ကနန်းလူမျိုး တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ကိုစိန်လွင်ကို မျက်မှောက်ခေတ် သတင်းဌာနက သွားရောက်တွေ့ဆုံကာ ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ရတဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက် စတာတွေကို မေးမြန်းထားပါတယ်။

MMK- ဟုတ်ကဲ့ မင်္ဂလာပါ ကိုစိန်လွင်။

ကိုစိန်လွင် (တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း)  – ဟုတ်ကဲ့ မင်္ဂလာပါ။

MMK – ပထမဦးဆုံးအနေနဲ့ ကိုစိန်လွင်က ဘာကြောင့်မို့ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာလဲ။ ဘယ်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာလဲ ဆိုတာလေးကို မိတ်ဆက်ပြောပြပေးပါဦး။

ကိုစိန်လွင် (တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း) – ကျွန်တော့်အမည်က စိန်လွင်ပါ။ ကျွန်တော်က ကနန်လူမျိုးအနေနဲ့ ဗန်းမောက်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ကနေ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာပါ။  ဘာ့ကြောင့် ဝင်ရောက်ယှဉ်ပြိုင်ရတာလည်းဆိုရင် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဝင်ဖြည့်တဲ့ သဘောအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာပါ။ ဘယ်ပါတီ၊ ဘယ်အစိုးရကို မကြိုက်လို့ မနှစ်သက်လို့ မဟုတ်ပါဘူး။ ဘယ်ပါတီ၊ ဘယ်အစိုးရပဲ တက်တက် ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို ကြိုးစားဆောင်ရွက်နေကြတာချည်းပါပဲ။ ဒါ ပေမယ့် လုံးဝကို ဒေါင့်စေ့အောင်၊ ပြီးပြည့်စုံအောင်၊ ဟာကွက်မရှိအောင်၊ လိုလေစေ့မရှိအောင် ပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ အဲလိုမရှိတဲ့သူတွေ၊ အဲလိုဟာကွက်နေရာတွေမှာ လိုအပ်ချက်တွေနဲ့ ခံစားရတဲ့ လူမျိုးတွေထဲမှာ ကျွန်တော်တို့ ကနန်းလူမျိုးတွေလည်း ပါပါတယ်။ ဒီအပြင် တခြားသော လူမျိုးတွေလည်း အများကြီးပါမှာပါ။ ဒါ ကြောင့်မို့လို့ ကျနော်တို့က ကိုယ့်၀မ်းနာ  ကိုယ်ပဲသိဆိုသလိုပဲ ကျွန်တော်တို့ရဲ့ ဒေသမှာရှိနေတဲ့ ဒေသလိုအပ်ချက်တွေ၊ လိုအပ်နေတဲ့အရာတွေကို အစိုးရနဲ့ ပူးပေါင်းပြီးတော့ တစ်ဒေါင့် တစ်နေရာကနေ ဘယ်လိုပါဝင်နိုင်မလဲ။ ဘယ်လို ဖြည့်ပေးနိုင်မလဲ။ ဘယ်လိုဖာထေးပေးနိုင်မလဲဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျွန်တော်က တစ်သီးပုဂ္ဂလဝင်ပြိုင်ဖို့ ဆုံးဖြတ်ရတာဖြစ်ပါတယ်။

MMK – ဟုတ်ကဲ့ပါ။ ရွေးကောက်ပွဲမှာ ပြည်သူက ကိုစိန်လွင်ကို ရွေးချယ်ခဲ့မယ်ဆိုရင်ကော ဘာတွေလုပ်ဖို့ စီစဉ်ထားလဲ။ ဘယ်ကဏ္ဍတွေကို ဦးစားပေးပြီး လုပ်ဆောင်သွားဖို့ ရှိနေလဲ။

ကိုစိန်လွင် (တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း)  – အခုလည်း ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပြီ။ ကိုယ်စားလှယ်ဖြစ်ခဲ့မယ်ဆိုရင် ပထမဆုံးအနေနဲ့ တိုင်းရင်းသားအခွင့်အရေး ကျွန်တော်တို့ ဒေသမှာ ဟိုတုန်းက လူငယ်တွေ ပညာမတတ်ခဲ့ကြဘူး။ လေးတန်းအောင်တောင် ရှားခဲ့တဲ့တိုင်းရင်းသားတွေ။ ဘာလို့လည်းဆိုတော့ မြို့နဲ့လည်း အလှမ်းဝေးတဲ့အတွက် နေရာဒေသအရ အရမ်းကိုဝေးကွာတဲ့အတွက် လေးတန်းအောင်တဲ့သူတွေ အရမ်းကို ရှားပါးခဲ့တယ်။ ဒါပေမယ့် အစိုးရ စာသင်ကျောင်းရှိလာခဲ့ရင် လေးတန်းအောင်တဲ့သူတွေ ရှိလာမှာပဲဆိုပြီးတော့ ကျွန်တော်တို့ရဲ့ ရှေးက လူကြီးတွေ ကြိုးစားခဲ့လို့ လေးတန်းအောင် ပေါလာတယ်။ နောက်တစ်ခါ ခုနှစ်တန်းအောင်တဲ့ ကလေးတွေ အရမ်းရှားတယ်ဆိုပြီး ဖြစ်လာတယ်။ ခုနှစ်တန်းကျောင်းရှိလာတယ်။ အောင်လာတယ်။ တစ်ခါ အထက်တန်းကျောင်း အောင်တဲ့သူတွေနှင့် တက္ကသိုလ်အောင်တဲ့သူတွေ ရှားလာတယ်ဆိုပြီး ဖြစ်လာတယ်။ အခုဆိုရင် အထက်တန်းအောင်တဲ့သူတွေနှင့် တက္ကသိုလ်အောင်တဲ့သူတွေ ရှိလာတယ်။ အထက်တန်းအောင်တဲ့သူတွေနှင့် တက္ကသိုလ်အောင်တဲ့သူက ဒီလောက်နဲ့ ကျေနပ်နေမှာလား။ တိုင်းရင်းသားတွေအတွက် သီးခြားတက်လို့ရတဲ့ နတလ ဆိုတဲ့ ကျောင်းကြီးမှာတောင် ကျွန်တော်တို့ တိုင်းရင်းသားတွေက တက်ခွင့်မရတဲ့ အခြေအနေဖြစ်လာတယ်။ ကျနော်တို့ ကတူး၊ ကနန်းတွေရဲ့ ဒေသဆိုတာက မြို့နဲ့အရမ်းဝေးတဲ့နေရာဖြစ်တဲ့အတွက် သတင်းရောက်တောင် နောက်ကျမှရောက်တယ်။ အွန်းလိုင်းကပဲဖြစ်ဖြစ်၊ သတင်းစာ ဂျာနယ်ကပဲဖြစ်ဖြစ် အချိန်နဲ့တပြေးညီ ကျွန်တော်တို့ဆီကို တိုက်ရိုက်မရောက်နိုင်ဘူး။ အဲလိုမရနိုင်တဲ့အခါကျတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေက နောက်မှသိတယ်။ နောက်မှ သွားလျှောက်တယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ကျန်ခဲ့တယ်။ ဟိုတုန်းက ကျနော်တို့ရဲ့ ဆရာကြီးဦးကျော်ရွှေတို့ ပြောပုံအရဆိုရင် နတလ ဝင်ဖို့ အရမ်းကို လွယ်ကူတယ်။ တိုင်းရင်းသားတွေအတွက် သီးခြားဦးစားပေးပြီးတော့ ဖွင့်ထားတဲ့‌ကျောင်းပေါ့လေ။ အဲကျောင်းကို ဝင်ဖို့ဆိုရင် ရှစ်တန်းအောင်၊ ဆယ်တန်းအောင်တာနဲ့ ဆွဲခေါ်ပြီး နာမည်ပေးလိုက်တာနဲ့ တစ်ခါတည်း တန်းပြီးပါသွားတယ်။ ဒါ ဟာ တိုင်းရင်းသားတွေအတွက် အထူးအခွင့်အရေးပေါ့လေ။ အခုနောက်ပိုင်းကျတော့ မရတော့ဘူး။ ကျွန်တော်တို့အနေနဲ့ ပထမဆုံးလုပ်ချင်တာက တိုင်းရင်းသားအခွင့်အရေး အပြည့်အဝရရှိဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒေသဟာ လမ်းပန်းဆက်သွယ်ရေးတွေ အရမ်းခက်ခဲတယ်။ ပညာရေးတွေ ‌နောက်ကျတယ်။ ကျန်းမာရေးတွေ မကောင်းကြတော့ မသေသင့်ပဲ သေကြရတယ်။ မဖြစ်သင့်တာတွေကို ဖြစ်ကြရတယ်။ ဒါတွေကို ကျော်လွှားဖို့ရာအတွက် ကျွန်တော့်အနေနဲ့ ဦးစားပေးပြီးတော့ လုပ်ပေးချင်ပါတယ်။

MMK- အခုလို တစ်သီးပုဂ္ဂလအနေနဲ့ ပထမဆုံးအကြိမ် ဝင်ပြိုင်တာဆိုတော့ ဒေသခံတွေရဲ့ စိတ်ဝင်စားမှုကကော အခြေအနေ ဘယ်လိုရှိပါသလဲ။ နောက်ပြီး အခက်အခဲ စိန်ခေါ်မှုတွေကကော ဘာတွေများဖြစ်မလဲဗျ။

ကိုစိန်လွင် (တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း)  – ကျွန်တော့်ကို  ဒီဒေသမှာ တိုင်းရင်းသားတွေက အားပေးမှုတွေက အများကြီးရှိပါတယ်။ ဒီနေရာမှာ အားနည်းချက်တစ်ခုရှိတာက ကျနော်တို့တိုင်းရင်းသားတွေဟာ ဟိုးတုန်းက လူကြီးတွေရဲ့ ထိန်းချုပ်မှုူအောက်မှာ သီးခြားနေလာခဲ့တာဆိုတော့ လူကြီးတွေရဲ့ လွှမ်းမိုးမှုက အခုထိ ရှိပါတယ်။ လူကြီးတွေ ပြောတဲ့စကားနားထောင်တဲ့သူဆိုရင် အဲဒီလူကောင်းစားမယ်။ လူကြီးတွေရဲ့ စကားကို နားမထောင်တဲ့သူဆိုရင် အဲဒီလူ ဆိုးကျိုးကို ခံစားရမယ်။ ပြည်သူလူထုအားလုံးကလည်း ဒါ ကိုလုပ်သင့်တယ်။ လုပ်သင့်ပြီ။ လုပ်ချိန်တန်ပြီ။ ကျွန်တော်တို့ လုပ်မယ်လို့ ဆုံးဖြတ်တဲ့အချိန်မှာလည်း အားလုံးက ဝိုင်းဝန်းပြီးတော့ အားပေးမယ်။ ကူညီမယ်ဆိုတဲ့ ပြောဆိုမှုတွေရှိပါတယ်။ ဒါပေမယ့် အခုနက ကျွန်တော်ပြောတဲ့ ရှေးတုန်းကတည်းကရှိခဲ့တဲ့ အတွေးအခေါ်ကြီးက ရှိနေတဲ့အခါကျတော့ ကျွန်တော့်အတွက်တော့ ဒါဟာ စိန်ခေါ်မှုတစ်ခုလို ဖြစ်နေတာပေါ့လေ။  အစောက ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့အပေါ်မှာ ကတူးတိုင်းရင်းသားတွေရော၊ ကနန်းတိုင်းရင်းသားတွေရော၊ ရှမ်းနီတိုင်းရင်းသားတွေရော ဝိုင်းဝန်းပြီးတော့ လုပ်ပေးစေချင်ပါတယ်။ ကျွန်တော်က အခုလို တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်တယ်ဆိုတာ ကျွန်တော်တို့ဒေသကို လုပ်ပေးနေတဲ့သူတွေ ကောင်းနေရင် ဝင်ပြိုင်နေစရာ အကြောင်းလည်း မရှိပါဘူး။ ဆုံးဖြတ်နေစရာ အကြောင်းလည်း မရှိဘူး။ တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရာအတွက် စဉ်းစားနေစရာအကြောင်းလည်း မရှိဘူး။ အခုက ကျွန်တော်တို့ မျှော်လင့်သလို မဖြစ်လာတဲ့အတွက် ကျွန်တော်က တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ရတာပါ။ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ကျွန်တော်တို့ တိုင်းရင်းသားတွေ မျှော်လင့်ခဲ့ပြီးပြီ။ ယုံကြည်ခဲ့ပြီးပြီ။ ဒီနေရာကနေ ကျွန်တော်ပြောလိုတာက ဘယ်ပါတီ ဘယ်အစိုးရကို ကျွန်တော့်အနေနဲ့ တိုက်ခိုက်နေတာမဟုတ်ပါဘူး။ ဘယ်ပါတီ ဘယ်အစိုးရပဲ တက်တက် ကောင်းအောင်တော့ လုပ်နေကြတာချည်းပါပဲ။ လိုအပ်ချက်တွေကို ခံစားနေရတာက ကျွန်တော်တို့ ပြည်သူတွေပါ။ ကျွန်တော်တို့ တိုင်းရင်းသားတွေပါ။ ဆိုတော့ အဲဒီလိုအပ်ချက်တွေကို အစိုးရနဲ့သော်လည်းကောင်း၊ ပညာရှင်တွေနဲ့သော်လည်းကောင်း ဘယ်လိုစွမ်းဆောင်မလဲ ဘယ်လို ဖြည့်ဆည်းမလဲပေါ့။ လူကြီးတွေက ကျွန်တော့်ကို ဘယ်လောက်အထိပြောလဲဆိုရင်  မင်းက တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ရအောင် ဘယ်လောက်အထိ နိုင်ငံရေး အတွေ့အကြုံရှိလို့လဲ။ နိုင်ငံရေးလောကထဲကို မင်းက ဘယ်လောက်အထိ ဝင်ဘူးလို့လဲ စတာတွေကို အပြောခံရပါတယ်။ ကျွန်တော်လုပ်နေတဲ့ နိုင်ငံရေးဟာ အရမ်းကို နုနယ်သေးပါတယ်။ ဒီအပေါ်မှာ ကျွန်တော်လက်ခံပါတယ်။ ကျွန်တော်ကိုယ်တိုင် ပြီးပြည့်စုံနေပြီလို့ မသတ်မှတ်ပါဘူး။ ကျွန်တော်အတွက်တော့ သင်ယူရမယ့်ကိစ္စတွေ အများကြီးရှိနေသေးပါတယ်။ အများကြီး လေ့လာရအုံးမှာပါ။ ကျွန်တော်ဟာ နိုင်ငံရေးကို ပေါ့ပျက်ပျက်လုပ်နေတာ မဟုတ်ပါဘူး။ ရာထူး အာဏာလိုချင်လို့ လုပ်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကတူး၊ ကနန်းတိုင်းရင်းသားတွေဟာ သိပ်ကို ရိုးသားလွန်းတဲ့သူတွေပါ။ ရိုးလွန်း အလွန်းတယ်လို့လည်း ပြောလို့ရပါတယ်။ ရှိတာလေးစား။ ရှိတာလေးသောက်။ ရှိတာလေးဝတ်ပြီးတော့ မျှော်လင့်ချက်တွေကို ပါးစပ်လေးနဲ့ ပြောလိုက်ရင်တောင်မှ ဒီထက် ပိုပြီးတော့ မျှော်လင့်တတ်ကြတာပါ။ ကျွန်တော်တို့ တိုင်းရင်းသားတွေဟာ ယုံကြည်တတ်ကြတယ်။ အားကိုးတတ်ကြတယ်။ တစ်ခုခုလုပ်ပေးကြည့်လိုက်။ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ပါးစပ်ဖျားမှာ ပြောမဆုံးအောင် တောသုံးတောင်အထိ ဖြစ်သွားကြတာ။ အခုခေတ်ကတော့ အဲလိုမဟုတ်တော့ဘူး။ ကျွန်တော်တို့ ဒေသမှာရှိတဲ့ လူငယ်တွေဟာ သိလာကြပြီ။ နားလည်လာကြပြီ။ မြင်လာကြပြီ။ ပညာတတ်တွေ ပေါလာပြီ။ ဟိုတုန်းကလို မဟုတ်ကြတော့ဘူး။ နောက်ဆုံး အနှစ်ချုပ်ပြောရရင် အခုလို ကျနော်က နိုင်ငံရေးကို လုပ်တယ်ဆိုတာဟာ ရှိလို့ လုပ်နေတာမဟုတ်ပါဘူး။ သိလို့ လုပ်နေတာပါ။

MMK- ဟုတ်ကဲ့ အစိုးရသက်တမ်းက ၂ ခုတောင်ပြောင်းလဲပြီပေါ့လေ။ အဲဒီ ၂ ခုမှာ ဦးသိန်းစိန် အစိုးရလို့ပြောတဲ့ USDP အစိုးရလက်ထက်ကနဲ့ အခုလက်ရှိ NLD အစိုးရလက်ထက် နှိုင်ယှဉ်ရင် ဒီကနန်းဒေသမှာ ဘာတွေများ တိုးတက်ပြောင်းလဲသွားတာတွေ သိသိသာသာ ရှိခဲ့ပါလဲဗျ။ ကိုယ်စားလှယ်တွေရဲ့ နယ်မြေကွင်းဆင်းမှု အခြေအနေတွေကကော ဘယ်လိုရှိပါလဲ။

ကိုစိန်လွင် (တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း)  – ၂၀၁၀ ခုနှစ်ကနေ ၂၀၁၅ ခုနှစ် အထိ၊ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ  သက်တမ်းကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ဒေသကနေ အနိုင်ရသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခြေအနေဟာ မတိမ်းမယိမ်းပါပဲ။ စကားပုံံတစ်ခုနဲ့ နှိုင်းယှဉ်ပြီး ပြောရရင် လင်းတ (လဒ)လောက်တော့ ငှက်တိုင်းလှပါတယ်။ သူတို့ရဲ့ လုပ်ဆောင်မှုတွေဟာ အတူတူနဲ့ အနူနူချည်းပါပဲ။ ကျွန်တော်တို့ ဒေသကို အနိုင်ရသွားတဲ့ ကိုယ်စားလှယ်တွေက အပြည့်အဝ လုပ်ပေးတာမရှိပါဘူး။ အပြည့်အဝ လုပ်ပေးတယ်လို့လည်း မခံစားရပါဘူး။ ဒေသဖွံ့ဖြိုးရေးအတွက် မလုပ်ပေးဘူးလားဆိုတော့လည်း အဲလိုလည်း မဟုတ်ပါဘူး။ လုပ်တော့ လုပ်ပေးတယ်။ ဒီအပေါ်မှာ အရည်အချင်းရှိရှိ လုပ်ဆောင်ပေးမှုတွေ မရှိခဲ့ဘူး။ ကျွန်တော်တို့ ဒေသအတွက် ဦးစားပေး အလေးပေးမှုတွေ မခံခဲ့ရဘူး။ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ အားနည်းချက်က သူတစ်ပါးကို အရမ်းအားနာတတ်တယ်။ အားနာတတ်တော့ လုပ်ပေးသလောက်နဲ့ပဲ ကျေနပ်နေတာ။ ကျွန်တော်တို့ရဲ့ အားနည်းချက်က အခြားသူတွေအတွက်တော့ အခွင့်အရေးနဲ့ အားသာချက်ဖြစ်သွားတယ်။ ကျွန်တော်တို့ ဒေသဟာ အစိုးရနှစ်ဆက်အတောအတွင်းမှာ ထွေထွေထူးထူး ပြောင်းလည်းသွားတာမရှိပါဘူး။ ဦးသိန်းသိန်းအစိုးရ လက်ထက်တုန်းကဆိုရင် ကျွန်တော်တို့ ဒေသကို ကွင်းဆင်းမှုတွေ အတော်များများလာပါတယ်။ လုပ်ဆောင်မှုအပိုင်းမှာကျတော့ ကြီးကြီးမားမား လုပ်ပေးတာ မရှိခဲ့ဘူး။ အရပ်သားတင်တဲ့ အစိုးရလက်ထက်မှာကျတော့ ကျွန်တော်တို့ ဒေသကို လာပြီး ကွင်းဆင်းမှုတွေဟာ မရှိသလောက်ပါပဲ။

MMK- အခုရွေးကောက်ပွဲမှာ နိုင်ငံရေးအတွေ့အကြုံရှိတဲ့သူတွေ ပြီးတော့ ပါတီကြီးတွေနဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ စိန်ခေါ်မှုတွေရှိနေတာကို ဘယ်လို ရင်ဆိုင်ဖြေရှင်းသွားဖို့ စီစဉ်ထားပါလဲ။

ကိုစိန်လွင် (တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း)  – ဝါရင့်တဲ့ပုဂ္ဂိုလ်တွေအပါအဝင် ပါတီကြီးတွေနဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ ကျနော်တို့အတွက် စိန်ခေါ်မှုကတော့ အစောနက ကျွန်တော်ပြောလိုက်တဲ့ ကျွန်တော်တို့ လူမျိုးတွေရဲ့ ရှေးရိုးစွဲ လွှမ်းမိုးမှုတစ်ခုပဲ ကျွန်တော့်အတွက်တော့ စိန်ခေါ်မှုရှိပါတယ်။ လုံးဝကို သမာသမတ်ကျသော တရားမျှတသော ရွေးကောက်ပွဲကြီးဖြစ်မယ်ဆိုလို့ရှိရင်တော့ ဘယ်ပါတီ ဘယ်အစိုးရကိုမဆို ပုဂ္ဂိုလ်ရေးအရ ယှဉ်ပြိုင်ဖို့ ဝန်မလေးပါဘူး။ ကြောက်လည်း မကြောက်ပါဘူး။ ဘယ်ပါတီပဲ ပြိုင်ပြိုင် ပြည်သူတွေကပဲ ရွေးချယ်ဆုံးဖြတ်သွားမှာဖြစ်တဲ့အတွက် ကျွန်တော်ကတော့ ပြည်သူတွေရဲ့ မေတ္တာတရား၊ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်က အဓိက ကျပါတယ်။ ကျွန်တော်ဟာ ဘယ်သူ့အပေါ်မှ မကောင်းတာမလုပ်ခဲ့ပါဘူး။ ကျွန်တော်ဟာ မကောင်းတာလုပ်ဖို့ ဘယ်သူ့အပေါ်မှ မကြံစည်ခဲ့ပါဘူး။ ငွေကြေးအရ ကျွန်တော့်မှာအားနည်းချက်ရှိတယ်။ ဘာလို့လည်းဆိုတော့ ကျနော်ဟာ တစ်သီးပုဂ္ဂလတစ်ယောက်ဖြစ်နေလို့ပဲ။ ငွေရေးကြေးရေးရှိလို့ အခုလိုလုပ်နေတာမဟုတ်ဘူး။ နိုင်ငံရေးကို သိလို့လုပ်နေတာ ဖြစ်ပါတယ်။ ကျွန်တော်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ် အမှတ် ၂ နေရာမှာ ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အားလုံးကို လေးစားပါတယ်။

MMK- အခုမကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲကကော လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ ဘယ်လောက်ထိ မျှော်လင့်ထားပါလဲ။ အရင်က ရွေးကောက်ပွဲတွေကကော ကနန်းဒေသမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ခဲ့သလား။

ကိုစိန်လွင် (တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း)  – ဟုတ်ကဲ့ ကျွန်တော်ဟာ မဲကို ၂၀၁၀ ခုနှစ်တုန်းကလည်း ထည့်ရတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကလည်း ထည့်ရတယ်။ အဲဒီနှစ်တွေကို ယှဉ်ကြည့်ရင် အခုလာမယ့်ရွေးကောက်ပွဲက အပြည့်အဝမဟုတ်ရင်တောင် နည်းနည်းတော့ တရားမျှတမယ်လို့ ထင်တယ်။ ဘာ့ကြောင့်လည်းဆိုရင် ရွေးကောက်ပွဲကော်မရှင်ကလည်း နယ်တွေမှာ အသိပညာပေးတာတွေ ဆင်းတယ်။ လက်ကမ်းစာစောင်တွေဝေပေးတယ်။ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲတွေထက်တော့ ပြောင်းလဲသွားမယ်လို့ ထင်တာပေါ့လေ။ အမှန်အတိုင်း ဝန်ခံရမယ်ဆိုလို့ရှိရင် ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲဟာဆိုရင် သူများတွေ ဒေသမှာတော့ ကျွန်တော် မပြောလိုဘူး။ ကျွန်တော်ရဲ့ ဒေသမှာတော့ လုံးဝတရားမျှတသော ရွေးကောက်ပွဲမဖြစ်ခဲ့ဘူးဆိုတာတော့ ရဲရဲကြီးကြီး ပြောရဲပါတယ်။ ကျနော်ဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြည်ခိုင်ဖြိုးပါတီကို မဲထည့်ခဲ့တယ်။ အဲဒီပါတီကို ဘာ့ကြောင့် မဲထည့်ခဲ့တာလဲဆိုတော့ ကျွန်တော်ဟာ ပါတီကို မကြည့်ပါဘူး။ လူကိုပဲကြည့်ပြီး မဲပေးခဲ့တာပါ။ ကျွန်တော်က လူကိုကြည့်ပြီးတော့ ကိုယ့်ဒေသအတွက် ဖွံ့ဖြိုးအောင်လုပ်ပေးနိုင်တဲ့သူက သူဖြစ်ကောင်းပါရဲ့ ဆိုပြီးတော့ ကျွန်တော်မဲထည့်ပေးခဲ့တာပါ။ ၂၀၁၅ မှာ ကျနော်ဟာ NLD ကို၊ ပါတီကိုကြိုက်ပါတယ်။ အမေစုကိုလည်း ချစ်ပါတယ်။ NLD ပါတီထဲမှာ ကျွန်တော်လေးစားရတဲ့ ပါတီဝင်တွေ အများကြီးရှိပါတယ်။ သို့ပေမယ့် ကျွန်တော်ဟာ လူကိုကြည့်ခဲ့တဲ့အတွက် ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ပွင့်ပွင့်လင်းလင်းဝန်ခံရရင် ကျွန်တော်ဟာ ပြည်ခိုင်ဖြိုးပါတီကိုပဲ မဲထည့်ခဲ့ပါတယ်။ သို့ပေမယ့် အများဆုံးက အဲဒီအတိုင်းဖြစ်မလာဘူး။ ခုနက ကျွန်တော်ပြောခဲ့တဲ့ လွှမ်းမိုးမှုတွေ အများကြီးရှိခဲ့တယ်။ တရားမျှတမှုဆိုတာကြီးက နောက်မှာကျန်ခဲ့တာ။ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ဒေသက ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ လူကြီးတွေကို ပေါင်းနိုင်ရင် မဲနိုင်ပြီ။

MMK- သူများလုပ်နေတာကို ဘေးကကြည့်ပြီး ပြောနေရတာထက် အခု ကိုယ်တိုင်ဝင်ပြီး ယှဉ်ပြိုင်ရတော့ ဘာတွေကွာခြားသွားလဲ။

ကိုစိန်လွင် (တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း)  – သူများလုပ်နေတာတွေနဲ့ ကိုယ်ကိုယ်တိုင်လုပ်တာကို ကြည့်ပြီးပြောရရင် လက်တွေ့နဲ့ကျတော့ ကွာပါတယ်။ ယှဉ်ပြိုင်မယ်လို့ ဆုံးဖြတ်ပြီးသွားတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ ရှေးလုပ်ငန်းစဉ်တွေ ကြိုပြီးစဉ်းစားထားတာနဲ့ လက်တွေ့လုပ်လိုက်တဲ့အချိန်မှာ ပြောင်းလည်းသွားတာတွေက အများကြီးရှိပါတယ်။ အခုလက်ရှိလုပ်နေတာက အရမ်းကို ခက်ခဲနေပါတယ်။ ကိုယ့်အလှည့်ကျမှ တရားမျှတမှုဖြစ်လိုက်သလားတောင် ထင်မိတယ်။ ဒါကတော့ ကျွန်တော်က လူငယ်တစ်ယောက်အနေနဲ့ စိတ်ထဲမှာရှိတဲ့အရာလေးကို ပြောပြတာပါ။ ကိုယ့်အလှည့်ကျမှ တရားမျှတမှုဆိုတာကို ပြောရသလားဆိုတာကို ခံစားမိပါတယ်။

MMK- အခုက ကိုဗစ်ကာလလည်း ဖြစ်နေတဲ့အခါကျတော့ မဲဆွယ်စည်းရုံးရတဲ့အခါ ကျန်းမာရေးက ညွှန်ကြားချက်တွေ၊ ရွေး/ကော်က ညွှန်ကြားချက်တွေလည်း ရှိနေတယ်။ ဆိုတော့ ဒီဟာတွေအတွက်ကော ဘယ်လိုတွေများ ပြင်ဆင်ထားပါသလဲ။

ကိုစိန်လွင် (တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း)  – မဲဆွယ်စည်းရုံးရေးနဲ့ ပက်သက်ပြီးတော့ UEC ကထုတ်ပြန်ထားတဲ့အရာတွေကော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အရာတွေအတိုင်း မဲဆွယ်စည်းရုံးဖို့ရှိပါတယ်။ တစ်သီးပုဂ္ဂလဖြစ်တဲ့အတွက် အခြားပါတီတွေလို အားမရှိတာတော့ သေချာပါတယ်။ အားနည်းမှု အားနည်းချက်တွေ အများကြီးရှိပါတယ်။ ကျွန်တော်အားကိုးရမယ့် ပထမအချက်ကတော့ လက်ကမ်းစာစောင်တွေ အားကိုးရမယ်။ အွန်လိုင်းကမ်ပိန်းတွေ လုပ်ရမယ်။ UEC ကထုတ်ပြန်ထားတဲ့အရာတွေကော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အရာတွေနဲ့ ညီညွတ်အောင် အတတ်နိုင်ဆုံး ကျွန်တော်တို့သွားနေပါတယ်။ အခု ကျွန်တော်လျှောက်နေတဲ့ လမ်းဟာ ပထမဆုံးခြေလှမ်းဖြစ်တယ်။ ဒီခြေလှမ်းကို ယိုင်လဲ မသွားအောင် မတိမ်းစောင်းသွားအောင် လုပ်နေတယ်။ ပထမဆုံးခြေလှမ်းက ယိုင်လဲသွားမယ်ဆိုရင် ပြန်ပြီးထနိုင်ဖို့ လိုတယ်။ အဲဒါဟာ ဉပဒေအတိုင်း သွားမှ ရမယ်။ ကျွန်တော်မဲဆွယ်နေတာဟာ ဖွဲ့စည်းပုံအခြေခံဉပဒေအတိုင်း သွားပါတယ်။ ရွေးကောက်ပွဲဉပဒေအတိုင်း သွားနေပါတယ်။

MMK- တချို့ တသီးပုဂ္ဂလကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက ကိုဗစ်ကြောင့်မို့ ရွေးကောက်ပွဲရွှေ့ဆိုင်းဖို့ တောင်းဆိုတာတွေရှိတယ်။ ကိုစိန်လွင်အနေနဲ့ကော ရွေးကောက်ပွဲကို ရွှေ့ဆိုင်းစေချင်သလား။ ဆက်ပြီးတော့ လုပ်ဖို့ ဆန္ဒရှိသလားဆိုတာ ပြောပြပေးပါဦး။

ကိုစိန်လွင် (တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း)  – ရွေးကောက်ပွဲကို ရွှေ့ဆိုင်းချင်တဲ့ ဆန္ဒတော့မရှိဘူးဗျာ့။ ဘာလို့လည်းဆိုတော့ ဆက်ဖြစ်ပြီးတော့ ကျင်းပပြန်သော်လည်း ကျန်းမာရေးက ရှိနေသေးတဲ့အခါကျတော့ ကျန်းမာရေးတွေ ရှေ့ဆက်မတိုးလာဖို့ပဲ ကျွန်တော်ကတော့ ဆုတောင်းပါတယ်။ ဒီအတိုင်းပဲဆက်ပြီးတော့ ကျင်းပသွားချင်တယ်။ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလိုက်ရင် အခြေအနေတွေက တစ်မျိူးတစ်မည် ပြောင်းလဲသွားနိုင်တယ်။ အားသာချက်က အားနည်းချက်ဖြစ်သွားနိုင်သလို အားနည်းချက်ရှိသူက အားသာချက်ဖြစ်နိုင်တာပါပဲ။ အခုလက်ရှိဖြစ်ပေါ်နေတဲ့ ရောဂါဆိုးကြီးကလည်း အမြန်ဆုံးပျောက်ကင်းပြီးတော့ အရင်ကလို ပြည်သူတွေ လည်ပတ်နေတဲ့ ပုံစံအနေအထားကို ကျွန်တော်ကတော့ မျှော်လင့်ပါတယ်။

MMK- ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ရတာတဲ့အခါ ရှုံးရင်ရှုံးမယ်။ နိုင်ရင်နိုင်မယ်။ ဆိုတော့ ရှုံးရင်ကော ဘာဆက်လုပ်မလဲ။ ဘာတွေအကျိုးအမြတ် ရနိုင်မလဲ။

ကိုစိန်လွင် (တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း)  – ကျွန်တော်တို့က ကြိုတင်ပြီးတော့ စီစဉ်ထားပြီးသားပါ။ ဘာလို့လည်းဆိုတော့ ပြိုင်ပွဲတစ်ခုကို လုပ်ပြီဆိုမှတော့ အရှုံးနဲ့ အနိုင်ဆိုတာ ဒွန်တွဲနေမှာပဲ။ ကျွန်တော်က ပြိုင်ပြီဆိုကတည်းက အရှုံးကိုလက်ခံနိုင်လို့ ပြိုင်တာပါ။ ကျွန်တော်ကတော့ ရွေးကောက်ပွဲရှုံးရင်လည်း ပြုံးပြုံးပါပဲ။ ရှုံးပြီဆိုရင်လည်း အဲဒီအရှုံးထဲကနေ အမြတ်ကို ဘယ်လိုယူရမလဲဆိုတာ ကျွန်တော်ရဲ့ ဦးနှောက်ထဲမှာ အမြဲရှိသားပါ။ တွေးထားပြီးသားပါ။ ကျွန်တော်ရှုူံးသွားခဲ့မယ်ဆိုရင်တောင်မှ ကျွန်တော့်ရဲ့အမြတ်က အတွေ့အကြုံတွေ အများကြီးရလာလိမ့်မယ်။ လဲကျမှာ ကြောက်တတ်လို့ရှိရင် ကျွန်တော်ဟာ လမ်းတောင် လျှောက်တတ်လာမှာမဟုတ်ပါဘူး။ ဒီစကားဟာ ကျွန်တော်အမြဲတမ်းတွေးထားတဲ့ စကားပါ။ လဲကျရင် ပြန်ထမယ်။ အခုခြေလှမ်းဟာ လဲကျသွားခဲ့ရင်တောင်မှ အခုလိုကြောင့် လဲကျသွားခဲ့လို့ ကျွန်တော်ဟာ အတွေ့အကြုံတွေ ပိုပြီးရလာမယ်။ နိုင်ငံရေးအတွေ့အကြု့တွေရော လုပ်မှုကိုင်မှု အတွေ့အကြုံတွေရော ပေါင်းသင်းဆက်ဆံတဲ့နယ်မှာ အတွေ့အကြုံတွေရော အများကြီး အတွေ့အကြုံရမယ်။ နောက်တစ်ခါ လက်ရှိပဲဖြစ်ဖြစ် နောက်ပဲဖြစ်ဖြစ် ကျွန်တော်ရဲ့ ဒေသ ကျွန်တော်တို့ရဲ့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်ကြမယ့် ပါတီကြီးတွေ ကိုယ်စားလှယ်ကြီးတွေကို ကျွန်တော်တို့က ဖိအားတစ်ခု ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့လည်းဆိုတော့ ပြိုင်ဘက်ရှိခြင်းနဲ့ မရှိခြင်းက မတူဘူးလို့ ကျွန်တော်ကတော့ ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ ပြိုင်ဘက်ရှိတဲ့သူနဲ့ မရှိတဲ့သူ ပြေးခြင်းကလည်း မတူနိုင်ပါဘူး။ ကျွန်တော်တို့ဒေသမှာ လက်ရှိ မဲဆန္ဒနယ် အမှတ် ၂ အတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ပုဂ္ဂိုလ်တွေအတွက် ပြိုင်ဘက်ရှိခြင်းနဲ့ မရှိခြင်းက မတူဘူး။ ကျွန်တော့်ဒေသရော အခြားဒေသတွေရော သူတို့ လုံးဝထင်ထားတဲ့သူရှိမှာပါ။ ဒီနေရာက အပီ မဲရထားတဲ့နေရာ။ ဘယ်သူ့ကို ပီရင် နိုင်ပြီဆိုတဲ့နေရာတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ လူမျိုးတွေက ဒီလိုမျိုးတွေကစပြီးတော့ မလှုပ်ရှားသရွေ့တော့ သူတို့ ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်မှာပဲ။ အခု ကျွန်တော် စပြီးလှုပ်ရှားလိုက်ပြီ။ နောက်တစ်ကြိမ် သူတို့ မဲထပ်နိုင်ချင်တယ်ဆိုလို့ရှိရင် သူတို့ ဟိုတုန်းကလို ကျွန်တော်တို့ကို တစ်လက်မလောက် ဂရုစိုက်တယ်ဆိုရင် အခု ကျွန်တော်တို့ကို နှစ်လက်မလောက် ဂရုစိုက်ပေးမှရမယ်။ သူတို့အတွက် ကျွန်တော်တို့ ဖိအားပေးနိုင်မယ်။ အဲဒီမျှော်လင့်ချက် နှစ်ချက်နဲ့ပဲ ကျွန်တော်က တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်တာပါ။

MMK- ရှေ့မှာလည်း ရှေးရိုးစွဲလူကြီးတွေရဲ့ အခက်အခဲတွေလည်း ရှိနေတယ်ဆိုတော့ ဒေသခံတွေရဲ့ ဆန္ဒမဲတွေ ကိုယ့်အတွက် ရရှိဖို့ ဘယ်လိုများ မဲဆွယ်နိုင်ဖို့ စီစဉ်ထားပါလဲ။

ကိုစိန်လွင် (တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း)  – ကျွန်တော်ရဲ့ မဲဆန္ဒနယ် အမှတ် ၂ ဆိုရင် ကတူး၊ ကနန်း၊ ရှမ်းနီအပြင် ဗမာလည်းရှိတယ်ပေါ့နော်။ ဒေသစိတ်အနေနဲ့တော့ ၄ ဒေသစိတ်ရှိတယ်ပေါ့။ ဆိုတော့ အများဆုံးလူဉီးရေကို ပြောမယ်ဆိုလို့ရှိရင်တော့ မဲပေးနိုင်တဲ့ လူဦးရေက ရှမ်းနီတိုင်းရင်းသားက ပိုပြီးတော့ များပါတယ်။ ကတူးနှင့် ကနန်းကို ပေါင်းရင်တောင် ရှမ်းနီတိုင်းရင်းသား ဦးရေးကို မမီပါဘူး။ ၂၀၁၅ သန်းခေါင်စာရင်းတွေအရ ရှမ်းနီတိုင်းရင်းသား လူဦးရေ နှစ်သောင်းကျော်ရှိပါတယ်။ ကနန်းကတော့ လူဦးရေ ကိုးထောင်ကျော်ပဲရှိပါတယ်။ ကတူးလူဦးရေကတော့ တစ်ထောင်ကျော်ပဲရှိပါတယ်။ ဒါကတော့ ပြီးခဲ့တဲ့ ၂၀၁၅ သန်းခေါင်စာရင်းတွေအရ ပြောတာပါ။ ဆိုတော့ ကတူးနှင့် ကနန်းပေါင်းလိုက်ရင် လူဦးရေ တစ်သောင်းကျော်ပဲရှိတယ်။ ဆိုတဲ့အခါကျတော့ မိမိကိုယ်မိမိ ဘယ်လို ပြန်ပြီးတော့  အားတင်းရသလဲဆိုတော့ ဘယ်လိုပဲဆိုဆို ကျွန်တော်တို့ ကတူး၊ ကနန်းတွေ၊ ရှမ်းနီတိုင်းရင်းသားတွေ ဝိုင်းဝန်းပြီးတော့ ကျွန်တော်တို့ ဒေသရဲ့ လိုအပ်ချက်တွေကို သိတဲ့သူတွေ၊ အပိုင်ရနိုင်တဲ့နေရာတွေ၊ တစ်သီးပုဂ္ဂလတွေရဲ့ အားသာချက် အားနည်းချက်တွေကို သိပြီးတော့ လုပ်ဆောင်သင့်ပြီ။ လုပ်ဆောင်သင့်တဲ့ အချိန်ရောက်ပြီဆိုတဲ့ သိတဲ့သူတွေဆီကနေ ကျွန်တော်ကတော့ အတတ်နိုင်ဆုံး မဲကို ရအောင်ယူမယ်။ အဲလိုပဲ ကျွန်တော်ကတော့ မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမဲတွေထက် ဒီနှစ်ရွေးကောက်ပွဲမဲက သေချာပေါက်ကွဲသွားမှာပါ။ ကျွန်တော့်ရဲ့ မဲဆန္ဒနယ်မြေမှာဆိုရင် ဝင်ပြိုင်ရမယ့် နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်း ခုနှစ်ဦးအထိရှိပါတယ်။ လာမယ့်ရွေးကောက်ပွဲကို ယှည်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အနေအထားကော ပြီးတော့ လက်ရှိအစိုးရရဲ့ လုပ်ဆောင်မှုအပိုင်းတွေကို ပြည်သူတွေက ဇဝေဇဝါဖြစ်နေတဲ့အတွက် မဲကတော့ သေချာပေါက် ကွဲသွားမယ်။ ၂၀၁၀ ကနေ ၂၀၁၅ ခုနှစ် အပိုင်းကာလမှာ လက်ရှိအစိုးရရဲ့လုပ်ဆောင်မှုအပိုင်းကို ကျွန်တော်အပါအဝင် အားမရတဲ့ အပိုင်းတွေ အများကြီးရှိပါတယ်။ ပြည်သူတွေက ဘယ်သူ့ကို မဲထည့်မယ်။ ဘယ်သူ့ကို မဲမထည့်ဘူးဆိုတာကတော့ ပြည်သူတွေကပဲ ဆုံးဖြတ်သွားမှာပါ။ တစ်ယောက်နဲ့တစ်ယောက် နိုင်မယ်ဆိုရင်တောင်မှ မဲက ကပ်ပြီးနိုင်သွားမှာပါ။

MMK- ဆိုတော့ ကိုယ့်အတွက် အင်အားဖြစ်ဖို့ အကြံဥာဏ်တွေရယူနိုင်ဖို့ တခြားသော နိုင်ငံရေးပါတီပဲဖြစ်ဖြစ်၊ တစ်သီးပုဂ္ဂလပဲဖြစ်ဖြစ် မဟာမိတ်လုပ်ထားတာတွေများ ရှိလား။

ကိုစိန်လွင် (တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း)  – ကျွန်တော်က အခြားပါတီတွေထက် အင်အားမရှိတဲ့အခါကြတော့ ဗန်းမောက်မြို့နယ် မဲဆန္ဒနယ်မြေအမှတ် ၂ နေရာမှာ ယှဉ်ပြိုင်မယ့် ကနန်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေအပြင် အင်းတော်မြို့နယ်ကနေ ဝင်ပြိုင်မယ့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေနဲ့တော့ မဟာမိတ်ဖွဲ့ထားပါတယ်။ သူတို့နဲ့ ကျွန်တော်က ဘာလို့ မဟာမိတ်ဖွဲ့ထားတာဆိုလို့ရှိရင်‌တော့ ကျနော် မဲဆန္ဒနယ်အထဲမှာ ကတူးတိုင်းရင်းသားတွေလည်းပါတယ်။ ပြီးတော့ သူတို့ ဝင်ပြိုင်မယ့်နေရာတွေမှာလည်း ကျွန်တော်တို့ရွာတွေပါနေတယ်။ တစ်ဦးကို တစ်ဦးကို အပြန်အလှန် ကူညီကြလိုတဲ့ စိတ်နဲ့ မဟာမိတ်ဖွဲ့ထားကြတာပါ။

MMK- ဟုတ်ကဲ့ နောက်ဆုံးမေးခွန်းတစ်ခုအနေနဲ့ မဲဆန္ဒရှင် ပြည်သူတွေကို ဘာများ မေတ္တာရပ်ခံ ပြောကြားလိုပါသလဲ။

ကိုစိန်လွင် (တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း)  – ဗန်းမောက်မြို့နယ် အမှတ် ၂ အတွင်းမှာရှိတဲ့ ပြည်သူတွေအနေနဲ့ ကျွန်တော်ပြောလိုတာက ဟိုတုန်းကလို မဟုတ်ပဲနဲ့ အခုဆိုရင် ပါတီကို မကြည့်ပါနဲ့။ လူကို ကြည့်ပါလို့ပဲ ကျွန်တော်ကတော့ ပြောချင်ပါတယ်။ လူကို ကြည့်ပြီးတော့ ဒီလူက တကယ့်လုပ်ပေးနိုင် မလုပ်ပေးနိုင်ဆိုတာ ပြည်သူတွေက အမှန်အကန်ဆုံးဖြတ်မှာပါ။ ပြည်သူတွေရဲ့ မဲတစ်ပြားဟာ တိုင်းပြည်ကိုတောင် ပြုပြင်ပြောင်းလဲ ပေးသွားနိုင်တယ်ဆိုတာ မိမိကိုယ်မိမိ ယုံစေချင်ပါတယ်။ အချို့ပြည်သူတွေက မဲမထည့်ရင် ဘာမှမဖြစ်ပါဘူးဆိုတာတွေ ရှိနေသေးတယ်။ ကျွန်တော်ပြောချင်တာကတော့ ပြည်သူတိုင်းက မဲထည့်ပေးပါ။ ပြည်သူတွေအနေနဲ့ မဲစာရင်းမှာ ပါ၊ မပါ ကြည့်ပေးကြပါ။ ဆိုတော့ မိမိတို့ရဲ့ စိတ်ထဲကနေ နှလုံးသားထဲကနေ လာပြီး စဉ်းစားပြီးတော့ ဆုံးဖြတ်ပြီးတော့ ထည့်တဲ့ မဲတစ်ပြားဟာ မိမိတို့ရဲ့ ဒေသတစ်ခုလုံးကို ပြောင်းလဲပေးသွားနိုင်ဆိုတာကို ယုံကြည်ကြစေချင်ပါတယ်။ မိမိရဲ့ မဲတစ်ပြား မထည့်လိုက်ခြင်းကြောင့် ကိုယ့်ရဲ့ဒေသ ကိုယ့်ရဲ့လူမျိုးတွေ အများကြီး ဆုတ်ယုတ် နစ်နာသွားနိုင်တယ်ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားပြီးတော့ ယုံကြည်စေချင်ပါတယ်။ ဒ့ါကြောင့် မဲဆန္ဒရှင်ပြည်သူများအားလုံး မိမိတို့ရဲ့ စိတ်ထဲမှာရှိတဲ့ တကယ့်ကို ရွေးချယ်မှန်ကန်တဲ့ မိမိဒေသကို ဖွံ့ဖြိုးတိုးတက်အောင် ပြုပြင်ပေးနိုင်တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို မဲထည့်ပေးကြပါလို့ပဲ တောင်းဆိုချင်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

error: Content is protected !!