Home > သတင်း > နိုင်ငံရေး > သပိတ်ကျင်းမြို့နယ်က NLD မဲဆွယ်စည်းရုံးရေး ထော်လာဂျိီတိမ်းမှောက်ပြီး ယာဥ်ပေါ်ပါ လူ ၃၂ ဦး ဒဏ်ရာတွေရ

သပိတ်ကျင်းမြို့နယ်က NLD မဲဆွယ်စည်းရုံးရေး ထော်လာဂျိီတိမ်းမှောက်ပြီး ယာဥ်ပေါ်ပါ လူ ၃၂ ဦး ဒဏ်ရာတွေရ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ သပိတ်ကျင်း-တကောင်းမြို့သွားကားလမ်း မိုင်တိုင်အမှတ် ၄၀/၂ နေရာအနီးမှာ အောက်တိုဘာလ ၅ ရက် နေ့လည်ပိုင်းက ခရမ်းစပ်ကုန်းကျေးရွာကနေ တကောင်းမြို့ကို မဲဆွယ်စည်းရုံးရေးထွက်လာခဲ့ ထော်လာဂျီယာဥ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။ ယာဉ်တိမ်းမှောက်မှုကောင့် ယာဉ်ပေါ်ပါ လူ ၃၂ ယောက် ဒဏ်ရာကိုယ်စီ ရရှိခဲ့တယ်လို့ သွားရောက်ကူညီပေးနေတဲ့ မဟာကရုဏာ လူမှုကူညီရေးအဖွဲ့ကနေ သိရပါတယ်။

သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာနေ ယာဉ်မောင်း ကိုဇော်လတ် မောင်းနှင်လာတဲ့ ပုဇဥ်းခေါင်း အပြာရောင် ထော်လာဂျီယာဥ်က တဖက်ယာဥ်ကြောက မျက်နှာချင်းဆိုင် မောင်းလာတဲ့ ဆိုင်ကယ်ကိုတိမ်းရှောင်ရင်း လမ်းဘယ်ဘက်ဘေးကို ထိုးကျတိမ်းမှောက်သွားခဲ့တာဖြစ်ပါတယ်။

“ဒဏ်ရာရှိသူ ကျား ၁၈ ယောက်၊ မ ၁၄ ယောက်၊ စုစုပေါင်း ၃၂ ယောက်ဖြစ်တယ်။ ပြင်းထန် ဒဏ်ရာ ရရှိသူ ၆ ယောက်ကိုတော့ အခုချက်ချင်း မဟာကရုဏာ လူမှုကူညီရေး အသင်းက ကား ၃ စီးနဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို သွားရောက်ပို့ဆောင်နေပါပြီ။” လို့ ခရမ်းစပ်ကုန်းကျေးရွာ မဟာကရုဏာလူမှုကူညီရေး အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

အဲ့ဒီ ပါတီမဲဆွယ်စည်းရုံးရေး ခရီးစဥ်ကို သပိတ်ကျင်းမြို့နယ်၊ ခရမ်းစပ်ကုန်းကျေးရွာက NLD ပါတီကိို ဝန်းရံထောက်ခံသူတွေ လိုက်ပါသွားခဲ့တာဖြစ်ပါတယ်။ ယာဥ်တိမ်းမှောက်မှုနဲ့ပတ်သက်ပြီး ယာဉ်မောင်းကိုတော့ ထိခိုက်ဒဏ်ရာ ရရှိအောင် ယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့ အရေးယူဖို့ သက်ဆိုင်ရာက စိစစ်နေတယ်လို့ ကနဦးသတင်းတွေအရ သိရှိရပါတယ်။

မေဇင်မြင့် (မျက်မှောက်ခေတ်)

error: Content is protected !!