Home > သတင်း > တိုင်းရင်းသားကဏ္ဍ > ချင်းပြည်နယ်တွင် တိုက်ပွဲရှောင်တွေများလာလို့ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းမှာ မဲပေးဦးရေ ၁ သောင်းကျော် လျော့နည်း

ချင်းပြည်နယ်တွင် တိုက်ပွဲရှောင်တွေများလာလို့ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းမှာ မဲပေးဦးရေ ၁ သောင်းကျော် လျော့နည်း

မကြာခင်ကျင်းပတော့မယ့် ၂၀၂၀ ခုနှစ်၊ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်း မဲဆန္ဒရှင်ဦးရေ ၁ သောင်းကျော် လျော့နည်းသွားတယ်လို့ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး စာရင်းတွေအရ သိရပါတယ်။ ချင်းပြည်နယ်မှာ ပထမအကြိမ် ၂၁ ရက်အကြာ မဲစာရင်းကြေညာခဲ့ရာ မဲဆန္ဒရှင်ဦးရေ ၃၄၂၁၄၂ ဦးရှိပြီး အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၄ ရက်အထိ ဒုတိယအကြိမ် မဲစာရင်းကပ်ကြေညာရာမှာတော့ မဲဆန္ဒရှင် ၃၃၁၆၉၈ ဦးရှိပါတယ်။

“ကျွန်တော်တို့ ဩဂုတ်လအတွင်း ပထမအကြိမ် ၂၁ ရက်အကြာ မဲစာရင်းကြေညာခဲ့တယ်။ အဲချိန်မှာ ပုံစံ ၃ နဲ့ လျှောက်တဲ့သူတွေကို စီစစ်ပြီးတော့ ပြန်ထည့်ပေးတယ်။ ပုံစံ ၄ နဲ့ကန့်ကွက်တာတွေ ရှိတယ်။ ကန့်ကွက်တာတွေစီစစ်ပြီးတော့ ကျွန်တော်တို့ဖြုတ်တယ်။ Door to door တစ်အိမ်တက်ဆင်းစနစ်နဲ့ ပြန်စစ်ပြီးတော့ တချို့အိမ်မရှိတော့ဘဲ လူရော၊ အိမ်ရောမရှိဘဲပါနေတဲ့သူတွေ တွေ့ရတယ်။ တချို့ကျတော့ ကွယ်လွန်နေတဲ့သူတွေ မကန့်ကွက်ပဲနဲ့ တွေ့ရတယ်။ နိုင်ငံခြားကို အပြီးရောက်သွားတဲ့သူတွေရှိတယ်။ ပလက်ဝမြို့နယ်မှာဆိုရက်လဲ စစ်ဘေးရှောင်အချို့ အခြားတိုင်းနှင့် ပြည်နယ်ပြောင်းသွားတဲ့သူတွေလဲရှိတယ်။ ဒါကြောင့် မဲပေးဦးရေ လျော့ကျတာ။”လို့ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်က ပြောပါတယ်။

အောက်တိုဘာလဆန်းကနေ စတင်ကာ ဒုတိအကြိမ် ၁၄ ရက်အကြာ မဲစာရင်းကပ်ကြေညာပေးထားတဲ့အခါ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ကျန်းမာရေးနဲ့အညီ ဆောင်ရွက်ပေးထားသလို လာရောက်ကြည့်ရှုကြဖို့ကိုလည်း လှုံ့ဆော်ထားတယ်လို့လည်း သိရပါတယ်။

“ဒုတိယအကြိမ် မဲစာရင်းကြေညာထားတဲ့အခါ မဲဆန္ဒရှင်တွေအနေနဲ့ လျှောက်ထားတာတို့၊ ပြင်ဆင်တာတို့ရှိရင် လုပ်ပေးမယ်။ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ Call Center ထားပေးတယ်။ Viber group ဖုန်းနံပါတွေ ပေးထားတယ်။”လို့ လည်း အတွင်းရေးမှူးက ပြောပါတယ်။

ချင်းပြည်နယ်မှာ လာမယ့်ရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၁၀၉၆ ရုံ ဖွင့်လှစ်ဖို့ လျာထားပြီး ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ ၁၂ ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၇ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်းဦးရေ ၂၁၀ ဦးယှဉ်ပြိုင်မှာဖြစ်ကာ အမျိုးသားကိုယ်စားလှယ်လောင်း ၁၉၂ ဦးနှင့် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၈ ဦးရှိတယ်လို့လည်း သိရပါတယ်။ ကိုယ်စားလှယ်လောင်း ၂၁၀ ဦးမှာ ပြည်သူ့လွှတ်တော်နေရာအတွက် ၄၉ ဦး၊ အမျိုးသားလွှတ်တော်နေရာအတွက် ၆၃ ဦးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အတွက် ၉၈ ဦးတို့ဝင်ရောက်ယှဉ်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီ ၁၃ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကိုယ်စားလှယ်လောင်း ၂၀၂ ဦးရှိခဲ့ပါတယ်။

သူရိယထက်

error: Content is protected !!