မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာမှာ အောက်တိုဘာလ ၃ ရက်နေ့ ညပိုင်းက အသံချဲ့စက်ဖွင့်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ခိုက်ရန်ဖြစ်ပွားမှု တစ်ခု ဖြစ်ပေါ်ခဲ့တာကြောင့် ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ကနေ လာရောက်ထိန်းသိမ်းခဲ့ရပါတယ်။ ခိုက်ရန်ဖြစ်ပွားမှုမှာ ကျေးရွာသားတစ်ချို့ပါ ပါဝင်လာခဲ့ပြီး ဦးမြင့်နိုင်ရဲ့ နေအိမ်အဆောက်အဦးတွေ၊ ကားတွေနှင့် တခြားပစ္စည်းတွေ ဖျက်ဆီးခံခဲ့ရသလို နေဝင်းဆိုသူ လူငယ်တစ်ဦးမှာလည်း ဖူးယောင်ပေါက်ပြဲဒဏ်ရာတွေရရှိခဲ့လို့ လက်ယက်မတိုက်နယ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
ဆေးကုသမှု ခံယူနေရသူ နေဝင်းရဲ့ ရဲတပ်ဖွဲ့ကို ကိုယ်တိုင်ထွက်ဆိုချက်အရ NLD ပါတီဝင် ဦးမြင့်နိုင်က ပါတီအောင်နိုင်ရေးသီချင်းတွေကို အသံချဲ့စက်တွေနဲ့ ဆူညံစွာ ဖွင့်ခဲ့တာကြောင့် သွားရောက်တားမြစ်ရာကနေ ခိုက်ရန်ဖြစ်ပွားမှု စတင်ခဲ့ပြီး ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခံခဲ့ရတာလို့ ထွက်ဆိုထားပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဦးမြင့်နိုင်နှင့် မြိုင်မြို့နယ် လက်ရှိလွှတ်တော်ကိုယ်စားလှယ်တွေကို မျက်မှောက်ခေတ် သတင်းဌာနက ကိုယ်တိုင် သွားရောက်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားပေးတာတော့ မရှိခဲ့ပါဘူး။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဦးမြင့်နိုင်ကို သွားရောက်ခေါ်ဆောင်ခဲ့တဲ့ ဌာနဆိုင်ရာယာဉ်တန်းကို ကျေးရွာသားတချို့က ကျောက်တုံးကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် ယာဉ်တချို့ ထိခိုက်ပျက်စီးမှုရှိခဲ့တဲ့အတွက် လူ ၃၄ ဦးကို မြို့နယ်ထွေအုပ်က လင်းကတောနယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။
ရိုက်ကူး-ထွန်းလင်းဦး/တင်ဆက်-AKL