Home > သတင်း > ကျန်းမာရေး > ရဲတပ်ဖွဲ့ဝင်နဲ့ မိသားစုဝင်တွေအပါအဝင် စစ်ကိုင်းတိုင်းမှာ ကိုဗစ်အတည်ပြုလူနာ ၈ ဦးထပ်တိုး

ရဲတပ်ဖွဲ့ဝင်နဲ့ မိသားစုဝင်တွေအပါအဝင် စစ်ကိုင်းတိုင်းမှာ ကိုဗစ်အတည်ပြုလူနာ ၈ ဦးထပ်တိုး

စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ်အတည်ပြုလူနာ ၈ ဦး ထပ်တိုးတွေ့ရှိရတယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီရဲ့ ကနဦးထုတ်ပြန်ချက်အရ သိရပါတယ်။ ယင်းမာပင်မြို့နယ် ရဲတပ်ရင်း ၂၈ က ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် မိသားစုဝင်တွေအပါအဝင် စုစုပေါင်း ၅ ဦး၊ မုံရွာမြို့နယ်က အမျိုးသမီးတစ်ဦးနှင့် ပုလဲမြို့နယ်က ၂ ဦးတို့ ထပ်မံတွေ့ရှိခဲ့တာပါ။ မုံရွာမြို့နယ်က ပိုးတွေ့ရှိလူနာကတော့ အသက် ၆၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ကြေးမုံရွာမှာ နေထိုင်သူဖြစ်ပါတယ်။ အရင်ပိုးတွေ့လူနာရဲ့ အမေလည်း ဖြစ်ပါတယ်။

“ကျန်းမာရေးအခြေအနေက ကောင်းပါတယ်။ သူက ကြေးမုံက ပထမ Positive လူနာရဲ့အမေပါ။ သူတို့ကို ကြေးမုံစာသင်ကျောင်း Quarantine စင်တာမှာ Quarantine ထားရှိပြီး Swabနမူနာရယူစစ်ဆေးရာမှာ ရောဂါပိုးတွေ့ရှိတာပါ။”လို့ မုံရွာမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးအာကာမြင့်က ပြောပါတယ်။

အဲဒီပိုးတွေ့ရှိ လူနာအမျိုးသမီးကို မုံရွာမြို့ပြည်သူ့ဆေးရုံကြီး Isolation Ward ကို ပို့ဆောင်ထားပါတယ်။

ပုလဲမြို့နယ်က ပိုးတွေ့လူနာနှစ်ဦးကတော့ ပုလဲမြို့နယ်၊ ပိတောက်ကုန်းကျေးရွာ စာသင်ကျောင်းမှာ  Quarantine ဝင်နေသူတွေဖြစ်ပြီး အရင်ပိုးတွေ့လူနာတွေနဲ့ ရန်ကုန်က အတူပြန်ခဲ့သူတွေပါ။

“ပုလဲမြို့နယ်က ပထမ ပိုးတွေ့လူနာရဲ့ Contact ဖြစ်တဲ့သူ ၅၆ ယောက်ကို Swab ယူစစ်ဆေးလိုက်တဲ့အခါမှာ နှစ်ယောက်တွေ့တာပါ။ အဲဒီပိုးတွေ့နှစ်ယောက်ကလဲ ပထမ ပိုးတွေ့တဲ့လူတွေနဲ့ ရန်ကုန်ကနေ အတူပြန်လာပြီး Quarantine ဝင်နေတာပါ။ ပထမတစ်ကြိမ် စစ်တုန်းက Negative ထွက်တယ်ဗျ။ အရင်သူတို့နဲ့ အတူနေတဲ့သူက ပိုးတွေ့လို့ Contact ထဲမှာပဲ သူတို့နှစ်ယောက်ကို ထပ်ထည့်စစ်တဲ့အခါ ရောဂါပိုးတွေ့တာပါ။ သူတို့ရဲ့ ကျန်းမာရေးအခြေအနေက သာမန်အတိုင်းပါ။”လို့ ပုလဲမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က ပြောပါတယ်။

ပိုးတွေ့လူနာနှစ်ဦးမှာ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ အဲဒီပိုးတွေ့ရှိလူနာနှစ်ဦးကို ပုလဲမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုပေးနိုင်ဖို့လည်း လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် ယင်းမာပင်မြို့နယ်က ပိုးတွေ့လူနာသစ် ၅ ဦးတွေ့ရှိခဲ့ပါသေးတယ်။ ရန်ကုန် ယာဉ်ထိန်းတပ်ဖွဲ့ကနေ ယင်းမာပင်မြို့နယ် ရဲတပ်ရင်း (၂၈) ကို ပြောင်းရွှေ့လာတဲ့ အမျိုးသား (၃) ဦးနှင့် အသက် (၁၀) နှစ်အရွယ် ကလေးတစ်ဦး၊ ဖားကန့်မြို့နယ်က ပြန်လာတဲ့ အသက် (၄၆) နှစ်အရွယ် အမျိုးသမီး(၁) ဦးတို့ ဖြစ်ပါတယ်။

“ရဲတပ်ရင်း Quarantine မှာထားတဲ့ (၄) ယောက်ရယ်၊ ကျောက်မှော် Quarantine မှာထားတဲ့ (၁) ယောက်ရယ် စုစုပေါင်း (၅) ‌ယောက်တွေ့တာပါ။ ရဲတပ်ရင်း (၂၈) ကပိုး တွေ့လူနာက ရန်ကုန်ယာဉ်ထိန်းရဲတပ်ဖွဲ့က‌နေ ပြောင်းလာတာပါ။ ကျောက်မှော်က အမျိုးသမီးကတော့ ဖားကန့်က‌ ပြန်လာတာပါ။ လောလောဆယ် သူနဲ့ထိတွေ့တဲ့ (၈) ဦးလောက်ကိုလည်း Quarantine ထားသွားမှာပါ။ ပိုးတွေ့လူနာတွေကို ယင်းမာပင်မြို့နယ် ပြည်သူ့ဆေးရုံမှာဘဲ ကုသပေးသွားမှာပါ။ အခုဘဲသွားခေါ်နေပါပြီ။ ကျန်းမာရေးကတော့ အားလုံးကောင်းပါတယ်။”လို့ ယင်းမာပင်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်းထက်က ပြောပါတယ်။

အခုလက်ရှိစာရင်းတွေအရ တကျော့ပြန်ဖြစ်ပွားလာတဲ့ ကိုရိုနာဗိုင်းရပ်စ်က  စစ်ကိုင်းတိုင်းဒေသကြီးမှာ စက်တင်ဘာလကနေ စတင်ကာ ပြန်လည်တွေ့ရှိလာနေတာပါ။ တိုင်းအတွင်း မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက ၂၂ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၁၁၀ ဦးရှိပြီဖြစ်ကာ အဲဒီထဲက ၂၃ ဦးမှာ ရောဂါပျောက်ကင်းသွားလို့ ဆေးရုံကနေ ဆင်းခွင့်ရပြီးလည်း ဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အောက်တိုဘာလ ၄ ရက်နေ့ ည ၈ နာရီထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့ရှိလူနာသစ် ၁၂၉၄ ဦး၊ စုစုပေါင်း ပိုးတွေ့လူနာ ၁၇၇၉၄ ဦ၊ ဆေးရုံက ဆင်းခွင့်ရသူစုစုပေါင်း ၅၁၉၅ ဦးနှင့် သေဆုံးလူနာသစ် ၄၁ ဦး စုစုပေါင်း သေဆုံးသူ ၄၁၂ ဦးရှိပြီဖြစ်ပါတယ်။

ပိုတေး၊ အေပီတီ

error: Content is protected !!