ဒုတိယအကြိမ် မဲစာရင်းထုတ်ပြန်ချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်ပြည်သူ (၄၀၀၀၀) ကျော်တိုးလာတယ်လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့စာရင်းတွေအရ သိရပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ ပထမအကြိမ် မဲစာရင်းထုတ်ပြန်ချက်အရ မဲဆန္ဒရှင်ပြည်သူ ၄၁ သိန်း ၆ သောင်းကျော်သာ ရှိခဲ့ပြီး အောက်တိုဘာလ (၁) ရက်နေ့က ထပ်မံကပ်ထားကြေငြာတဲ့ ဒုတိယအကြိမ် မဲစာရင်းထုတ်ပြန်ချက်မှာတော့ ၄၂ သိန်းကျော်ရှိလာတာဖြစ်ပါတယ်။ တိုင်းအတွင်းမှာ မဲပေးပိုင်ခွင့်ရှိတဲ့ လူဦးရေတိုးလာတာဟာ မဲစာရင်းကောက်ယူချိန်မှာ ကျန်ခဲ့တဲ့မိသားစုတွေနဲ့ ပထမအကြိမ် မဲစာရင်းထုတ်ပြန်ပြီး ပုံစံ(၃)/(၄)စတဲ့ ပြင်ဆင် ဖြည့်စွက် အသစ်လျှောက်ထားသူတွေ ပြန်လည် ပါ၀င်လာတာကြောင့်ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူက ပြောပါတယ်။
“ပထမ မဲစာရင်းကောက်တုန်းက မိသားစုလိုက်မတွေ့တာတွေ၊ အဝေးရောက်နေကြတာတွေ ပြန်ပါလာတာပေါ့။ ပြီးတော့ မဲစာရင်းမှာ နာမည်မပါလို့ အသစ်လျှောက်တဲ့သူတွေကလည်း အခုတစ်ကြိမ်မှာ ပြန်ပါလာတယ်။ ဒီစာရင်းမှာကိုက ရွေးကောက်ပွဲမတိုင်ခင်မှာ အတိုးအလျော့ရှိလာနိုင်ပါ
သေးတယ်။”လို့ တိုင်းရွေးကောက်ပွဲအရာရှိ ဦးအောင်မျိုးလွင် ကပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မဲဆန္ဒရှင်ပြည်သူ ၄ သောင်းကျော်တိုးလာပေမယ့် လက်ရှိအချိန်ထိတော့ မဲရုံတိုးချဲ့ချထားဖို့အစီစဉ် မရှိသေးဘူးလို့ သိရပါတယ်။ ဒါ့အပြင် မုံရွာမြို့ ချင်းတွက်းတစ်ဖက်ကမ်းမှာရှိတဲ့ ကြေးနီစီမံကိန်းအတွင်းမှာလည်း မဲရုံချထားပေးဖို့မရှိဘဲ တခြားဒေသက အလုပ်သမားတွေအနေနဲ့ ဒီဒေသမှာ မဲပေးဖို့ ကြိုတင်လျှောက်ထားမှု များလာခဲ့ရင်တော့ အနီးစပ်ဆုံးကျေးရွာမှာ မဲရုံဖွင့်လှစ်ပေးသွားမယ်လို့ တိုင်းရွေး/ကော်အဖွဲ့ခွဲ အရာရှိကပြောပါတယ်။
“အပြင်မှာသတင်းတွေထွက်နေသလို ကြေးနီစီမံကိန်းထဲမှာ မဲရုံဖွင့်ပေးမယ်ဆိုတာ မဟုတ်ပါဘူး။ ဒီလို လုပ်ပေးလို့လည်း မရဘူး။ တကယ်လို့ တခြားဒေသကအလုပ်သမားတွေက ဒီမှာပဲ မဲပေးမယ်။ သူတို့ရောက်နေတာကလည်း ရက်ပေါင်း (၉၀) ကျော်နေပြီဆိုရင် ဒီဒေသက ကိုယ်စားလှယ်လောင်းကို မဲပေးဖို့ ဥပဒေအရ လျှောက်ထားခွင့်ရှိပါတယ်။ အဲ့လို လျှောက်တဲ့သူတွေက များတယ်။ ဒီကမဲရုံနဲ့ မလောက်ဘူးဆိုရင် အနီးနားမှာ မဲရုံဖွင့်ပေးသွားဖို့တော့ ရှိပါတယ်။”လို့ စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိ ဦးအောင်မျိုးလွင်က ပြောပါတယ်။
လက်ရှိအချိန်မှာ တိုင်းဒေသကြီးအတွင်းက သက်ဆိုင်ရာမြို့နယ်နဲ့ ရပ်၊ကျေးကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ ကပ်ပေးထားတဲ့ ဒုတိယအကြိမ်မဲ စာရင်းထုတ်ပြန်ချက် စာရင်းကို အခုလ (၁၄) ရက်နေ့အထိ ကြေငြာထားမှာဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ သွားရောက်ကြည့်ရှုကာ ပြင်ဆင်ဖြည့်စွက်ဖို့လိုအပ်
တာတွေရှိရင်လည်း မြို့နယ်၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးကြဖို့ တိုင်းရွေးကော်အဖွဲ့ခွဲအရာရှိ ဦးအောင်မျိုးလွင်က တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဒုတိယအကြိမ် မဲစာရင်းကပ်ထားမှုမှာ မုံရွာမြို့က ရပ်ကွက်တစ်ခုမှာရှိတဲ့ မဲဆန္ဒရှင်ဦးရေ ၅၀၀ ရဲ့ မွေးသက္ကရာဇ် အစဉ်လိုက်ဖြစ်ပြီး လွဲမှားမှုတွေလည်း ရှိနေပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ မဲဆန္ဒနယ် (၁၂၅) ခုရှိပြီး ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကတော့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၃၃) ယောက်အပါအ၀င် စုစုပေါင်း (၆၈၅) ယောက်ရှိပါတယ်။
ကျော်ဇေယျ (မျက်မှောက်ခေတ်)