Home > သတင်း > ကျန်းမာရေး > ကလေးမြို့က ကိုဗစ်အတည်ပြုလူနာတစ်ဦး ဆေးရုံမှ ဆင်းခွင့်ရ

ကလေးမြို့က ကိုဗစ်အတည်ပြုလူနာတစ်ဦး ဆေးရုံမှ ဆင်းခွင့်ရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့  တရုတ်ပြန် Case – 1975 လူနာက ဒီကနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်က ဆေးရုံကနေ ဆင်းခွင့်ပေးလိုက်တယ်လို့ ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးက ပြောပါတယ်။ Case – 1975 လူနာကို ဆေးရုံကနေ ဆင်းခွင့်ပေးလိုက်ပြီးနောက် နေအိမ်မှာ Home Quarantine တစ်ပတ် ထားသွားမှာဖြစ်ပါတယ်။

“ဒီနေ့(၂)နာရီက ဆင်းသွားပါတယ်။ သူက ရောဂါလက္ခာလည်းမပြဘူး။ ဖျားလည်းမဖျားတဲ့အတွက် ဆင်းပေးလိုက်တာပါ။ သူ့ကိုကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း positive ဖြစ်တဲ့ရက်ကစပြီး (၁၀) ရက်အတွင်းမှာ အဖျားရှိတာ၊ ကိုယ်ခံအားကျဆင်းတာ၊ အသက်ရှုလမ်း ကြောင်းပြဿနာတို့ မရှိတဲ့အတွက် ဆေးရုံက ဆင်းခွင့်ပေးလိုက်တာပါ။ Home Quarantine တစ်ပတ်ထားသွားမှာ ဖြစ်ပါတယ်။ သူက (၄)ရက်နေ့မှာ ကလေးရောက်တယ်။ ရောက် ရောက်ချင်း Quarantine ပို့တယ်။ (၈) ရက်နေ့မှာ Swab ယူတယ် (၁၀) ရက်နေ့မှာ Positive တွေ့တာ ဖြစ်ပါတယ်။ သူက ကလေးမြို့ကနေ (၇) မိုင်လောက်ဝေးတဲ့ ကျေးရွာမှာ နေတာဖြစ်ပါတယ်။”လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

လူနာက တရုတ်နိုင်ငံကနေ ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ကလေးတက္ကသိုလ် Facility Quarantine Center မှာ Quarantine ဝင်နေခဲ့ပြီး နှာခေါင်းအာခေါင်တို့ဖတ်နမူနာယူ စစ်ဆေးကြည့်ရာမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာပါ။ ယခုလက်ရှိ ကလေးမြို့နယ်မှာ ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံထားရသူ ၅ ဦးရှိနေပြီး အဲဒီထဲမှ ၄ ဦးမှာ ကလေးမြို့ တိုင်းရင်းဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။ အားလုံးကျန်းမာရေးအခြေအနေကောင်းမွန်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းမှာ ကိုဗစ်အတည်ပြုလူနာ ၂၀ ဦးရှိနေပြီဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒုတိယအကျော့ကိုဗစ် ကူးစက်ခံရသူတွေထဲမှာ ပထမဆုံးအကြိမ် ဆေးရုံက ဆင်းခွင့်ရသူလည်း ဖြစ်ပါတယ်။ ဆေးရုံက ဆင်းခွင့်ရသူကို ကျန်းမာရေးဝန်ထမ်းတွေကလည်း ဂုဏ်ပြုနှုတ်ဆက်ကာ အားပေးစကားတွေ ပြောကြားခဲ့ကြပါတယ်။

သူရိယထက်

error: Content is protected !!